မတ် ၂၁ ။ ။ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၏ တောင်ပိုင်းမှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီး တိမ်းမှောက်ပြီး လျှိုတစ်ခုထဲ ထိုးကျသွားခဲ့မှုကြောင့် အနည်းဆုံး လူပေါင်း ၁၉ ဦး သေဆုံးပြီး အခြား ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ရဲတပ်ဖွဲ့က မတ်လ ၂၁ ရက်တွင် ပြောသည်။
အဆိုပါ ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်စဉ်မှာ မတ်လ ၂၀ ရက်ညပိုင်းက မင်ဒိုရို ခရိုင် ဆက်ဘလာယန်မြို့မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘတ်စ်ကားမှာ တံတားလက်ရန်းတစ်ခုကို ဝင်တိုက်မိပြီးမှ အနက်ပေ ၂၀ ခန့်ရှိသည့် လျှိုတစ်ခုထဲသို့ထိုးကျသွားခဲ့ခြင်း ဖြစ်သည်။
ကနဦး စစ်ဆေးမှုများအရ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဒရိုင်ဘာဖြစ်သူမှာ ယာဉ်ကို ထိန်းသိမ်းနိုင်ခြင်း မရှိတော့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သည့် အလက်ဇစ် ဂိုးက ပြောသည်။ အဆိုပါ ဒရိုင်ဘာဖြစ်သူလည်း ယင်းဖြစ်စဉ်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတွင် အမြန်လမ်း ဥပဒေတင်းကျပ်မှုပိုင်း လျော့ရဲခြင်း၊ မော်တော်ကားကြံ့ခိုင်မှုထိန်းသိမ်းမှုပိုင်း အားနည်းခြင်း၊ လမ်းပိုင်းဆိုင်ရာ လုံခြုံရေး အစီအမံများ ကင်းမဲ့နေခြင်းတို့ နှင့်အတူ အမြန်လမ်းပေါ် မတော်တဆမှုများကြောင့် သေကျေဆုံးရှုံးရမှုအရေအတွက်မှာလည်း မြင့်မားနေလျက်ရှိကြောင်း သိရသည်။