အစ္စရေးနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်အား ပါလက်စတိုင်းသမ္မတ ဆဲရေးတိုင်းထွာ

အစ္စရေးနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်အား ပါလက်စတိုင်းသမ္မတ ဆဲရေးတိုင်းထွာ

ရာမာလာ၊ ပါလက်စတိုင်း၊ မတ် ၂၀ ။             ။ ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်သည် ဒေါ်နယ်ထရမ့်၏ပေါ်လစီများကို တနင်္လာနေ့က ဝေဖန်တိုက် ခိုက်ခဲ့စဉ်တွင် အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒေးဗစ်ဖရိုက်ဒ်မန်းအား ဆဲရေးတိုင်းထွာခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းရေးဖော်ဆောင်ရန် အစီအစဉ်များချမှတ်ထားသည်ဟု ယူဆရသော်လည်း ပါလက်စတိုင်းသမ္မတအာဘတ်စ်ကမူ ဂျေရုစလမ်မြို့ကို အစ္စရေးတို့၏မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့သည့် ထရမ့်နှင့်သူ၏အစိုးရအဖွဲ့အား သပိတ်မှောက်ခဲ့သည်။

“တဲလ်အဗစ်မြို့မှာရှိတဲ့ အမေရိကန်သံအမတ်ဆိုတဲ့ ခွေးသားတစ်ကောင်ဟာ နယ်သစ်မှာအခြေချသူတစ်ဦး ဖြစ်ပါတယ်” ဟု အာဘတ်စ်က ရာမာလာ၌ ပါလက်စတိုင်းခေါင်းဆောင်များကို မိန့်ခွန့်ပြောစဉ်တွင် ဆဲရေး တိုင်းထွာခဲ့သည်။

ပြီးခဲ့သောဒီဇင်ဘာလက ဝါရှင်တန်အစိုးရမှ ဂျေရုစလမ်မြို့ကို အစ္စရေးတို့၏မြို့တော်အဖြစ် အသိအမှတ်ပြုမှုပြီး ကတည်းက အာဘတ်စ်အစိုးရနှင့် ထရမ့်၏အစိုးရအဖွဲ့ကြားမှ ဆက်ဆံရေးများသည် ပျက်ပြားလာခဲ့သည်။

ပါလက်စတိုင်းတို့သည် ဂျေရုစလမ်မြို့အား ၎င်းတို့၏အနာဂတ်မြို့တော်အဖြစ် သတ်မှတ်ထားပြီး ထိုအချိန်မှစ၍ ထရမ့်၏သံတမန်အဖွဲ့နှင့်တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။

ဖရိုက်ဒ်မန်းသည် နိုင်ငံတကာဥပဒေအရ တရားမဝင်ဖြစ်သော အစ္စရေးတို့သိမ်းပိုက်ထားသည့် အနောက်ဘက် ကမ်းတွင် အိမ်ယာအသစ်များဆောက်လုပ်၍ နယ်သစ်၌အခြေချနေထိုင်ခြင်းကို ထောက်ခံသူတစ်ဦးဖြစ်သည်။

အာဘတ်စ်၏မှတ်ချက်နှင့်ပက်သက်၍ ဂျူးလူမျိုးတစ်ဦးဖြစ်သောဖရိုက်ဒ်မန်းက အာဘတ်စ်၏ပြောဆိုမှုသည် ဂျူးအနွယ်ဝင်များကိုဆန့်ကျင်ထိပါးခြင်းဖြစ်သည်ဟု ပြန်တုံ့ပြန်ခဲ့သည်။

“သူက ကျနော့်ကိုခွေးသားလို့ ဆဲရေးတိုင်းထွာပြီး တုံ့ပြန်ခဲ့ပါတယ်။ ဒါဟာ ကျနော်တို့ဂျူးအနွယ်ဝင်တွေကို ဆန့်ကျင်ထိပါးခြင်း ဒါမှမဟုတ် နိုင်ငံရေးအရ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်း တစ်ခုခုဖြစ်နိုင်ပါတယ်။ ခင်ဗျားတို့သဘောကျ ကြိုက်သလိုယူဆလို့ရပါတယ်” ဟု ဖရိုက်ဒ်မန်းက ပြောဆိုခဲ့ကြောင်း အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတစ်ဦးက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required