တရုတ်သမ္မတ ရှီကျင့်ဖျင် ဒုတိယသက်တမ်းအတွက် ထပ်မံရွေးချယ်ခံရပြီး ၎င်း၏ မဟာမိတ်တစ်ဦးအား ဒုသမ္မတ ခန့်

တရုတ်သမ္မတ ရှီကျင့်ဖျင် ဒုတိယသက်တမ်းအတွက် ထပ်မံရွေးချယ်ခံရပြီး ၎င်း၏ မဟာမိတ်တစ်ဦးအား ဒုသမ္မတ ခန့်

 

မတ် ၁၇ ။                    ။ တရုတ်သမ္မတ ရှီကျင့်ဖျင်အား ၎င်း၏ ဒုတိယမြောက် ငါးနှစ်သက်တမ်းအတွက် ထပ်မံခန့်အပ်ကြောင်း မတ်လ ၁၇ ရက်က တရုတ်ပါလီမန်တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုပေးသွားခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် သမ္မတ ရှီ၏ အနီးကပ်မဟာမိတ်တစ်ဦးဖြစ်သော ခြစားမှုတိုက်ဖျက်ရေးအကြီးအကဲဟောင်း ဝမ်ချီစန်းကိုလည်း တရုတ်ဒုသမ္မတအဖြစ် ခန့်အပ်လိုက်ကြောင်းလည်း သိရသည်။

တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အထူးအစည်းအဝေး၌ သမ္မတရှီအား ၎င်း၏ ဒုတိယမြောက် ငါးနှစ်သက်တမ်းအတွက် ထပ်မံခန့်အပ်ရန်အတွက် မဲခွဲရာတွင် ထောက်ခံမဲအရေအတွက် အားလုံးပေါင်း ၂,၉၇၀ ရရှိပြီး ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့ကြခြင်းဖြစ်သည်။

အလားတူ ဒုတိယသမ္မတအဖြစ် ဝမ်အား ခန့်အပ်ရန် မဲခွဲရာတွင်လည်း ကန့်ကွက်မဲ တစ်မဲမှ လွဲ၍ အားလုံးနီးပါးက အတည်ပြုပေးခဲ့ကြသည်။

လက်ရှိ တရုတ်ဒုသမ္မတဖြစ် ခန့်အပ်ခံခဲ့ရသည့် အသက် ၆၉ နှစ်ရှိ ဝမ် သည် သမ္မတ ရှီဦးဆောင်သည့် ခြစားမှု တိုက်ဖျက်ရေးလုပ်ငန်းများအတွင်း ရှေ့တန်းမှ ဦးစီးပါဝင်လုပ်ဆောင်ခဲ့သူလည်းဖြစ်ကာ ပါတီတွင်း စည်းကမ်းထိန်းသိမ်းတင်းကျပ်ရေး ဗဟိုကော်မရှင်ကို ဦးဆောင်ခဲ့သည်။ အဆိုပါ ကော်မရှင်၏ စုံစမ်းဖော်ထုတ်မှုများကြောင့် ပြီးခဲ့သည့် ငါးနှစ်အတွင်း ယင်းနိုင်ငံတွင် တာဝန်ရှိသူဦးရေ ၁ ဒသမ ၅ သန်းကျော် အရေးယူအပြစ်ပေးခံထားခဲ့ရသည်။

လက်ရှိ ဒုတိယသက်တမ်း ထပ်မံခန့်အပ်ခံရသည့် တရုတ်သမ္မတရှီအနေဖြင့် ယင်းနိုင်ငံတွင် မော်စီတုန်းနောက်ပိုင်း သြဇာအာဏာအကြီးဆုံး ခေါင်းဆောင်ဖြစ်လာခဲ့သကဲ့သို့ ပြီးခဲ့တဲ့ သီတင်းပတ်များအတွင်း ဖွဲ့စည်းပုံဥပဒေပြင်ဆင်မှုများနှင့်အတူ ၎င်းအနေဖြင့် သမ္မတ တာဝန်ကို အကန့်အသတ်မရှိ ရယူသွားနိုင်ရန်လည်း ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required