တံတားနီနေ့ အနိဋ္ဌာရုံမျိုး ထပ်မံမပေါ်ပေါက်စေရန် နှစ် ၃၀ ပြည့် အထိမ်းအမှတ်ပြုလုပ်

တံတားနီနေ့ အနိဋ္ဌာရုံမျိုး ထပ်မံမပေါ်ပေါက်စေရန် နှစ် ၃၀ ပြည့် အထိမ်းအမှတ်ပြုလုပ်

 

ရန်ကုန်၊ မတ် ၁၆ ။          ။ ၈လေးလုံး လူထု အရေးတော်ပုံကြီးကို စတင်စေခဲ့သည့်  ဖြစ်ရပ်ထဲမှ တစ်ခုဖြစ်သည့် ကျောင်းသားလှုပ်ရှားမှုကို အကြမ်းဖက် နှိမ်နင်းခံခဲ့ရသည့် နေ့မျိုးထပ်မံမပေါ်ပေါက်စေရန် ရည်ရွယ်ကာ တံတားနီနေ့ နှစ် ၃၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ၈၈မျိုးဆက်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးက ပြောသည်။

ယနေ့ မတ်လ ၁၆ ရက်နေ့ ရန်ကုန်မြို့ ပြည်လမ်းရှိ အင်လျားကန်ဘောင်ပေါ်တွင်ပြုလုပ်သည့် တံတားနီနေ့ နှစ်သုံးဆယ်ပြည့်အခမ်းအနားအပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။

" တချို့အားနည်းချက်တွေ ချို့ယွင်းချက်တွေရှိရင် နောက်နောင်မဖြစ်အောင်ပြင်ဆင်ဖို့ အဓိကက ဒီရည်ရွယ် ချက်နဲ့ ဒီအခမ်းအနားတွေလုပ်ကြတာဖြစ်ပါတယ်။ တကယ့် တကယ်က ကျွန်တော်တို့နိုင်ငံမှာ မတူကွဲပြားမှုတွေ ပဋိပက္ခတွေဟာ နိုင်ငံအတွက် ဘယ်လိုကောင်းကျိုးကိုမှ မဖန်တီးပေးနိုင်ခဲ့ဘူးဆိုတာ အတွေ့အကြုံအရ မျက်မြင်ခံစားခဲ့ရပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံကို လှပတဲ့ ပိုပြီးကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက် ဒီအတိတ်အနိဋ္ဌာရုံမျိုးတွေ ထပ်မံမပေါ်ပေါက်ဖို့ စနစ်တစ်ခုကို မှန်မှန်ကန်ကန် တည်ဆောက်ဖို့ရည်ရွယ်ချက်ဖြစ်ပါတယ် " ဟု ဦးကိုကိုကြီးက ပြောသည်။

အခမ်းအနားတွင် တံတားနီအရေးအခင်းတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြသည့် တက္ကသိုလ်ကျောင်းသားဟောင်းကြီး များ တက်ရောက်ခဲ့ ကြကာ တံတားနီနေ့ ဖြစ်ပေါ်လာပုံများကို ကျောင်းသား ခေါင်းဆောင်တွေက ပြန်ပြောင်း ပြောခဲ့ကြသည်။ ထို့ပြင် တံတားနီ အရေးအခင်းတွင် ကျဆုံးခဲ့ရသူများအတွက် ဖယောင်းတိုင် မီးထွန်းကာ ဆုတောင်းမှုများလည်း ပြုလုပ်ခဲ့သည်။

လွန်ခဲ့သည့် နှစ်၃၀ က မဆလတစ်ပါတီစနစ်ကို ဆန္ဒပြနေသည့် ရန်ကုန်တက္ကသိုလ် ပင်မကျောင်းသားများသည် လှိုင်တက္ကသိုလ်ကျောင်းသားများနှင့် ပူးပေါင်းရန် ချီတက်လာစဉ် အင်းလျားကန်ဘောင် တံတားနီအရောက် စစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့သောကြောင့် သေဆုံးသူများ ရှိသကဲ့သို့ ထောင်ကျခဲ့သူများလည်းရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required