အခွန်အတုပ်လျှော့ချပြီး ငွေကြေးအရှုပ်တော်ပုံကို စစ်ဆေးသွားမည်ဟု မလေးရှားအတိုက်အခံ ကတိကဝတ်ပြု

အခွန်အတုပ်လျှော့ချပြီး ငွေကြေးအရှုပ်တော်ပုံကို စစ်ဆေးသွားမည်ဟု မလေးရှားအတိုက်အခံ ကတိကဝတ်ပြု

 

ကွာလာလမ်ပူ၊ မတ် ၉ ။                ။ မလေးရှားနိုင်ငံက အတိုက်အခံညွန့်ပေါင်းပါတီသည် ၎င်းတို့သာ လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရပါက ပြည်သူတို့ သိပ်လက်မခံသော ကုန်စည်နှင့် ဝန်ဆောင်မှု အခွန်အတုပ်များကို လျှော့ချပြီး ဝန်ကြီးချုပ် နာဂျစ်ရာဇက်နှင့် ပတ်သက်ဆက်နွယ်နေသည့် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာသော ငွေကြေးအရှုပ်တော်ပုံကိစ္စကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမည်ဟု ကတိကဝတ်ပြု ပြောကြားသည်။

သြဂုတ်လမကျော်လွန်မီ ကျင်းပဖြစ်ရန်ရှိသော ရွေးကောက်ပွဲအတွက် မူဝါဒကြေညာစာတမ်း တစ်စိတ်တစ်ဒေသအဖြစ် ဝန်ကြီးချုပ်တစ်ဦး၏ လုပ်ပိုင်အာဏာကို ထိန်းကွပ်မည်ဖြစ်ကြောင်း၊ လောင်စာဆီအမတော်ကြေးကို ပြန်လည်ဆန်းသစ်ပြီး စီးပွားရေးပြုပြင်ပြောင်းလဲများ ကြီးစွာဖော်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း မဟာသီဦးဆောင်သည့် Hope Alliance ပါတီက ပြောကြားခြင်း ဖြစ်သည်။

သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပဖြစ်ဖို့ရန်မှာ ယခုနှစ်၏ ဒုတိယသုံးလပတ်အတွင်းမှာပင် ဖြစ်လာလိမ့်မည်ဟု အများစုက ထင်မြင်မျှော်လင့်ထားသည်။

အဆိုပါ ညွန့်ပေါင်းပါတီ၏ မူဝါဒကြေညာစာတမ်းကို မတ် ၈ ရက် နှောင်းပိုင်းက ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မဟာသီက ၎င်းတို့ ပါတီအနေဖြင့် စောင့်ဆိုင်းနေသော အစိုးရအဖြစ် သတ်မှတ်ပြောဆိုသည်။

“ခုမူဝါဒ ကြေညာစာတမ်းမှာ ကတိပေးချက်တွေ အများကြီးပါတယ်။ ကျွန်တော်တို့ အာဏာရရင် ဖြည့်ဆည်းပေးမည့် ကတိကဝတ်တွေပဲဖြစ်တယ်။”ဟု ၂၀၀၃ ခုနှစ်က ရာထူးမှ ဆင်းပေးလိုက်ရသော နှစ်ပေါင်း ၂၂ နှစ်တိုင် မလေးရှားကို ဦးဆောင်ခဲ့သည့် မဟာသီက ဆိုသည်။

လက်ရှိဝန်ကြီးချုပ် နာဂျစ်၏ အာဏာရ National Front ပါတီအား ထောက်ခံမှုမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲနှစ်ကြိမ်အတွင်း တစ်ဖြည်းဖြည်း လျော့ပါးကျဆင်းလာနေသည်။ ဝန်ကြီးချုပ် နာဂျစ်အနေဖြင့် နိုင်ငံပိုင် 1MDB ကော်ပိုရေးရှင်းလုပ်ငန်းကြီးမှ အမေရိကန်ဒေါ်လာ သန်းရာပေါင်းများစွာကို ၎င်း၏ ဘဏ်အကောင့်ထဲ ရောက်ရှိစေသည်ဟု စွပ်စွဲချက်များအပါအဝင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံနှင့် နပမ်းလုံးနေရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required