ဆီးနှင်းများ သည်းထန်စွာ ကျနေ၍ ရောမတွင် စာသင်ကျောင်းများ ပိတ်ထားရကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွား

ဆီးနှင်းများ သည်းထန်စွာ ကျနေ၍ ရောမတွင် စာသင်ကျောင်းများ ပိတ်ထားရကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွား

ရောမ၊ ဖေဖော်ဝါရီ ၂၆ ။           ။ ဆီးနှင်း သည်းထန်စွာ ကျဆင်းမှုများကို ဖြစ်ပေါ်စေသော အအေးပိုလေလှိုင်းများ ရုရှနိုင်ငံ ဆာဗီးယားဒေသတွင် တိုက်ခိုက်ခဲ့သည့် ရာသီဥတုဖြစ်စဉ်နောက်ပိုင်း ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းမှ စတင်ကာ အီတလီနိုင်ငံ မြို့တော် ရောမတွင် စင်တီမီတာ တော်တော်များများ မြင့်တက်သည့် ဆီးနှင်းများ ကျဆင်းဖုံးလွှမ်းမှု ဖြစ်ပေါ်နေသည်။

ထိုသို့ သည်းထန်သည့် ဆီးနှင်းကျဆင်းမှုကြောင့် ရောမမြို့တော်တွင်း စာသင်ကျောင်းများ ပိတ်လိုက်ရသကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်။

ရေခဲမှတ် အေးမြသော ဆာဗီးယား လေအေးများဟု ခေါ်သည့် Buran လေအေးများ တိုက်ခတ်မှုသည် အီတလီသို့ ဖေဖော်ဝါရီ ၂၅ ရက်က ဝင်ရောက်ခြင်းဖြစ်ကာ နိုင်ငံမြောက်ပိုင်းတွင် ပြင်းထန်သည့် ဆီးနှင်းကျဆင်းမှုများ ဖြစ်ပေါ်စေပြီး တစ်ချို့သော နယ်မြေဒေသများတွင် သုညမှတ်အောက် အနှုတ် ၂၀ ဒီဂရီဆဲလ်စီးရပ်စ် အပူချိန်ဖြင့် ပြင်းထန်သော အအေးလှိုင်း ဖြစ်ပေါ်သည်။

ထိုသို့သော လေအေးများ တိုက်ခတ်ခြင်းနှင့် အအေးလှိုင်းဖြစ်ပေါ်ခြင်းတို့သည် ၂၀၁၂ ခုနှစ်နောက်ပိုင်း ဆိုးဝါးသည့် ဆီးနှင်းကျဆင်းမှု မကြုံတွေ့ခဲ့ရသည့် အီတလီအလယ်ပိုင်းနှင့် ရောမမြို့တော်တို့ဆီ ဖေဖော်ဝါရီ ၂၆ ရက်တွင် ရောက်ရှိလာခြင်း ဖြစ်သည်။

ရာသီဆိုးကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသော်လည်း ကြုံခဲသော ဆီးနှင်းကျဆင်းမှုနှင့် မြို့တော်တွင် ဆီးနှင်းဖုံးလွှမ်းတို့သည် ဒေသခံများနှင့် ခရီးသွားဧည့်သည်များအတွက် ပျော်ရွှင်စရာ အတွေ့အကြုံကဲ့သို့ ဖြစ်နေသည်။

ရောမမြို့တွင် ဖေဖော်ဝါရီ ၂၆ ရက်က အရပ်ဖက်ကာကွယ်ရေး ကော်မတီများ တွေ့ဆုံစည်းဝေးမှု ပြုလုပ်ခဲ့ကာ ၃၆ နာရီထက်မနည်း ဖြစ်ပေါ်နေနိုင်သော အအေးလှိုင်းအခြေအနေကို စောင့်ကြည့်နေလျက် ရှိသည်။

ဆီးနှင်းများ ဆိုးဝါးကျဆင်းမှုကြား မြို့ရှိ မြေအောက်ဘူတာရုံများက ပုံမှန်ပြေးဆွဲလျက်ရှိသော်လည်း ဆီးနှင်းကြောင့် ပိတ်ဆို့မှု ဖြစ်ရသော ကားလမ်းများတွင် ယာဉ်အသွားအလာများ ကျဲပါးသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required