ခွဲခြားဆက်ဆံသည့် ဥပဒေများကြောင့် လူ့အသိုင်းအဝိုင်းများကြား တင်းမာမှုများ ဖြစ်လာနိုင်ဟု HRW ပြော

ခွဲခြားဆက်ဆံသည့် ဥပဒေများကြောင့် လူ့အသိုင်းအဝိုင်းများကြား တင်းမာမှုများ ဖြစ်လာနိုင်ဟု HRW ပြော

နိုင်ငံတော် သမ္မတဦးသိန်းစိန် အနေဖြင့် အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်သော ဥပဒေနှစ်ခုကို လက်မှတ်ရေး ထိုးခြင်းအား ငြင်းပယ်သင့်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က သြဂုတ် ၂၄ တွင် ထုတ်ပြန်လိုက်သည်။

၂၀၁၅ ခုနှစ် သြဂုတ် ၂၁ ရက်က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေများဟု ခေါ်ဆိုသည့် အငြင်းပွားဖွယ် ဖြစ်နိုင်သည့် ဥပဒေလေးခု အနက်နှစ်ခုဖြစ်သော ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

အဆိုပါ အငြင်းပွားဖွယ်ဥပဒေလေးခုမှာ ဘာသာရေးကို အခြေခံသည့် ခွဲခြားဆက်ဆံမှုကို ခိုင်မာစေမည့်အပြင် ဘာသာရေးယုံကြည်ချက်နှင့် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ချိုးဖောက်ရာလည်း ရောက်နေသည်ဟု HRW ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

HRW၏ အာရှ ဒု-ညွှန်ကြားရေးမှူး ဖီလ်ရောဘတ်ဆန်က "ဒီလိုဥပဒေကြမ်းနှစ်ခုကို အတည်ပြုပေးလိုက်တာဟာ ပါလီမန်အနေနဲ့ အခြေခံလူ့အခွင့်အရေးတွေကို လစ်လျူရှုလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တင်းမာတဲ့ လူ့အသိုင်းအဝိုင်းတွေရဲ့ ဆက်ဆံရေးကို တောက်လောင်စေမယ့် သမိုင်းဝင် ရွေးကောက်ပွဲတွေ မတိုင်ခင် ခိုင်မာမှုမရှိသေးတဲ့ အသွင်ကူးပြောင်းမှုကာလကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။" ဟု ပြောသည်။

"ဒီလို ခွဲခြားဆက်ဆံတဲ့ ဥပဒေဟာ မူဆလင်ဆန့်ကျင်ရေးအတွက် လောင်စာထိုးပေးသလို ဖြစ်သွားနိုင်တာမို့ ဦးသိန်းစိန် အနေနဲ့ လူ့အခွင့်အရေးကို ရပ်တည်ကာကွယ်၊ ဥပဒေကို လက်မှတ်ထိုးဖို့ငြင်းပယ်ပြီး ခိုင်မာတဲ့ဦးဆောင်မှုကို ပြသသင့်ပါတယ်။" ဟုလည်း ၎င်းက ဆက်ပြောသည်။

မေလက အတည်ပြုခဲ့သော လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေနှင့် ဇူလိုင်လက အတည်ပြုခဲ့သော်လည်း ဥပဒေအဖြစ် လက်မှတ်မထိုးရသေးသည့် ဘာသာမတူသူများကြား လက်ထပ်မှုဥပဒေ (မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ) အပါအဝင် အငြင်းပွားဖွယ်ဥပဒေများကို ကျင့်သုံးရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ) က ၂၀၁၃ ခုနှစ် နောက်ပိုင်းကတည်းက အစိုးရကို ပထမဆုံးတိုက်တွန်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်က စွပ်ဆွဲပြောဆိုသည်။

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းက ဘာသာရေးဆိုင်ရာ ထုတ်ဖော်ကြေညာမှုနှင့် ကူးပြောင်းမှုတို့ကို နိုင်ငံတော်က စည်းကမ်းသတ်မှတ်နိုင်သည် ဖြစ်ရာ ဘာသာတရားနှင့် အသိစိတ်လွတ်လပ်ခွင့်ကို နိုင်ငံတော်က ဝင်ရောက် စွက်ဖက်ခြင်းမှာ လုံးဝမျှတမှုမရှိဟုလည်း HRW ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

မဘသ ဗဟိုဦးအောင် ကော်မတီဝင်၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဓမ္မစက္က ဦးမောင်မောင်ကမူ အဆိုပါ HRW ၏ ထုတ်ပြန်ချက်အား နိုင်ငံတစ်နိုင်ငံ၏ ဥပဒေကို ဝင်ရောက် စွက်ဖက်ခြင်းအဖြစ် ကန့်ကွက်သည်ဟုပြောသည်။ ယင်းကဲ့သို့ ထုတ်ပြန်ခြင်းသည် ဖိအားပေးခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

၎င်းက "တကယ်တမ်းဆိုရင် ဒီမျိုးစောင့် ဥပဒေက ဘယ်သူ့မှ ထိခိုက်တာ မပါဘူးလို့ ကျွန်တော်တို့က သုံးသပ်ပါတယ်။ အားလုံး မျှမျှတတနဲ့ တစ်ယောက်ကို တစ်ယောက်နဲ့ လေးလေးစားစားနဲ့ ပေါင်းသင်းဆက်ဆံဖို့အတွက် ပြဿနာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ ဥပဒေပါ။ ကျွန်တော်တို့က ငြိမ်းချမ်းရေးဥပဒေလို့တောင် ခေါ်ပါသေးတယ်။ အမြင်တော့ မတူဘူးပေါ့။ သူ့အမြင် ကိုယ့်အမြင်လို့ သဘောထားပါတယ်။" ဟု မဇ္ဈိမကို ပြောသည်။

HRW မှ ရောဘတ်ဆန်က လူတိုင်းတွင် တွေးခေါ်မှု၊ သိမြင်မှုနှင့် ဘာသာရေးလွတ်လပ်ခွင့် တို့ ရှိသည်ဟု ဖော်ပြထား ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာချက် အပိုဒ်ခွဲ ၁၈ နှင့် တိုက်ရိုက်ဆန့်ကျင်နေပြီး ယင်းဥပဒေက ဘာသာရေး လွတ်လပ်ခွင့်ကို အာမခံသော ၂၀၀၈ အခြေခံဥပဒေနှင့်လည်း ဆန့်ကျင်နေသည်ဟုပြောသည်။

နိုဝင်ဘာရွေးကောက်ပွဲများ နီးကပ်လာသည်နှင့် လူ့အခွင့်အရေး သတ်မှတ်ချက်များနှင့် မကိုက်ညီသော ဥပဒေများကို အတည်ပြုနေခြင်းက ဥပဒေပြုအမတ်များ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကတိကဝတ်များမှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်ဟု ရောဘတ်ဆန်က ဆိုသည်။

မြန်မာနိုင်ငံအပေါ် အဓိကကူညီထောက်ပံံ့နေသည့် ဂျပန်၊ အီးယူ၊ ယူကေနှင့် အမေရိကန်တို့ကလည်း အဆိုပါဥပဒေများကို ရှုတ်ချခဲ့ပြီး ဖျက်သိမ်းပေးရန် တောင်းဆိုထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required