ပီရူးတွင် ဘတ်စ်ကားမတော်တဆဖြစ်၍ လူ ၄၄ဦးထက်မနည်းသေဆုံး

ပီရူးတွင် ဘတ်စ်ကားမတော်တဆဖြစ်၍ လူ ၄၄ဦးထက်မနည်းသေဆုံး

 

လီမာ၊ ပီရူး၊ ဖေဖေါ်ဝါရီ ၂၂ ။                 ။ ပီရူးနိုင်ငံတောင်ပိုင်းတွင် ဗုဒ္ဓဟူးနေ့က ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် အဝေးပြေးလမ်းမပေါ်၌ မောင်းနှင်လာစဉ် ကမ်းပါးအောက်သို့ ပေ ၆၅၀ ခန့် လိမ့်ကျသွားခဲ့သောကြောင့် ခရီးသည် ၄၄ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ပီရူး ရဲတပ်ဖွဲ့က ဆိုခဲ့သည်။

အဝေးပြေးလမ်းရဲတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ ဂျော်ဂျီကတ်စ်တီလိုက ယင်းမတော်တဆဖြစ်မှုအတွင်း အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရန်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ချိန်တွင် အလောင်း များကို ထပ်မံရှာတွေ့ခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာခြင်းဖြစ်သည်ဟု ပြောခဲ့သည်။

ယင်းမတော်တဆဖြစ်မှုကြောင့် လူပေါင်း ၂ ဒါဇင်ခန့် ဒဏ်ရာရရှိခဲ့သည်။ ဒါ့အပြင် ကလေးငယ် ၃ဦးအပါအဝင် ဒဏ်ရာရရှိသူ ၇ ဦးမှာ အခြေအနေဆိုးရွားကြောင်း သိရသည်။ ဒဏ်ရာရရှိသူအချို့ကို တာဝန်ရှိသူများက စစ်ရဟတ်ယာဉ်များအသုံးပြု၍ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဘတ်စ်ကားမတော်တဆဖြစ်မှုသည် ဒေသစံတော်ချိန် မနက် ၁၂း၃၀ နာရီခန့်တွင် ပန်အမေရိကန် အမြန်လမ်းမ ပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဘတ်စ်ကားသည် အမြန်လမ်းမပေါ်၌   မောင်းနှင်လာစဉ်တွင် ကမ်းပါးအောက်ရှိ အိုကိုနာမြစ်ကမ်းပေါ်သို့ မီတာ ၂၀၀ ခန့် လိမ့်ကျသွားခဲ့ပြီး ယင်းသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းကို အာဏာပိုင်များက စုံစမ်းလျက်ရှိသည်။

“အာရီကွီပါမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားမတော်တဖြစ်ရပ်အတွင်း သေဆုံးခဲ့သူများ၊ ထိခိုက်နစ်နာခဲ့သူများနဲ့ ကျန်ရစ်သူမိသားစုဝင်များအတွက် ကျနော်တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်” ဟု ပီရူးသမ္မတ ပီဒရို ပတ်ဘလိုကူဇင်စကီးက သူ၏တွစ်တာပေါ်၌ ရေးသားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ အဓိကအကြောင်းရင်းကို ချက်ချင်းမသိရသေးသော်လည်း ပီရူးနိုင်ငံရှိ တောင်ပေါ် အမြန်လမ်းမကြီးပေါ်တွင် အဆင်အခြင်မဲ့ ယာဉ်မောင်းနှင်မှုကြောင့် နှစ်စဉ်နှစ်တိုင်း ကမ်းပါးအောက်သို့ ယာဉ်များလိမ့်ကျသည့် မတော်တဆဖြစ်ရပ်များ ဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သောဇန်နဝါရီလကလည်း ပီရူးနိုင်ငံ၌ ဆယ်စုနှစ်လေးစုအတွင်း အဆိုးရွားဆုံး ယာဉ်မတော်တဆဖြစ်မှု ကြောင့် လူပေါင်း ၅၂ဦးခန့် သေဆုံးခဲ့ရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required