ကင်ဆာဝေဒနာရှင်မိခင်တစ်ဦး၏ အသက်ကို ကယ်ဆယ်ရန်ကြိုးပမ်းခဲ့သည့် ကိတ်ဝင်းစလက်နှင့် လီယိုနာဒို

ကင်ဆာဝေဒနာရှင်မိခင်တစ်ဦး၏ အသက်ကို ကယ်ဆယ်ရန်ကြိုးပမ်းခဲ့သည့် ကိတ်ဝင်းစလက်နှင့် လီယိုနာဒို

တိုက်တန်းနစ်ဇာတ်ကားနှင့်အတူ နာမည်ကျော်ကြားလာခဲ့ကြသည့် ကမ္ဘာကျော်အနုပညာရှင်နှစ်ဦးဖြစ်သော မင်းသမီးကိတ်ဝင်းစလက်နှင့် မင်းသား လီယိုနာဒိုဒီကာပရီယိုတို့သည် ဂန်မာနက်တောလ်အမည်ရှိ အသက် ၂၈ နှစ်အရွယ် ကင်ဆာဝေဒနာရှင်မိခင်တစ်ဦး၏ အသက်ကို ကယ်ဆယ်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသည်။

နက်တောလ်သည် သူမကိုယ်ဝန်ဆောင်စဉ်က သားအိမ်ကင်ဆာရှိနေကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ရပြီး သူမ၏ ကိုယ်ဝန်ကိုဖျက်ချရမည်ဖြစ်သောကြောင့် ကနဦး အသက်ကယ်ကုသမှုများခံယူရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် သူမ၏သမီးငယ်လေးကို ဖွားမြင်ပြီးချိန်တွင် သူမအနေဖြင့် ၆လခန့်သာ အသက်ရှင်တော့မည်ဟု ဆရာဝန်များ က ပြောခဲ့သည်။

အသက် ၄၂နှစ်အရွယ်ရှိ အော်စကာဆုရှင် ကိတ်ဝင်းစလက်သည် ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော British Talk Show အစီအစဉ်၌ ထိုအကြောင်းကို ပြောဆိုခဲ့သည်။

“ပြီးခဲ့တဲ့နှစ်မေလက ကျမရဲ့မိခင်ဖြစ်သူဟာ သားအိမ်ကင်ဆာခံစားခဲ့ရပြီး ကွယ်လွန်သွားခဲ့ပါတယ်။ သူမဟာ ဒီဝေဒနာကို ၄နှစ်လောက် မယုံကြည်နိုင်လောက်အောင် တွန်းလှန်အံတုခဲ့အပြီးမှာ ကျမတို့ဘက်က နောက်ဆုံး လက်လျော့လိုက်ရပါတယ်။ ဒါကြောင့်ပဲ ဂန်မာအနေနဲ့ရော သူမလိုမျိုး ဝေဒနာခံစားနေရသူတွေပါ ကုသမှုတွေ ခံယူလို့ရအောင် ကျမတို့ဘက်က ကမ်ပိန်းလေးတွေလုပ်သွားနိုင်ဖို့ စဉ်းစားခဲ့မိပါတယ်” ဟု ကိတ်ဝင်းစလက်က ဆိုခဲ့သည်။

ကိတ်ဝင်းစလက်က သူမသည် ဂန်မာအနေဖြင့် ဒေါ်လာ ၉၈၀၀၀ ခန့် ကုန်ကျနိုင်သော ကုသမှုတစ်ရပ်ခံယူရန် အတွက် ရန်ပုံငွေရှာဖွေဖို့ နက်တောလ်၏မိခင်ဖြစ်သူ ဟယ်လန်နှင့်ဆက်သွယ်ခဲ့ကြောင်း ပြောခဲ့သည်။

“ကျမတို့ ဒေါ်လာ ၂၈၀၀၀၀ လောက်အထိ ရရှိခဲ့ပါတယ်။ ပြီးတော့ ကျမသူငယ်ချင်း လီယိုကိုလည်း ဖုန်းခေါ်ခဲ့ ပါတယ်။ ကျမတို့အနေနဲ့ ရန်ပုံငွေရှာသင့်တယ်ထင်လားလို့ သူ့ကိုမေးခဲ့ပါတယ်။ သူက သူ့ရဲ့ဖောင်ဒေးရှင်းက ရန်ပုံငွေရှာဖွေသူတွေဆီကိုသွားရအောင် စန့်ထရိုပက်ဇ်ကိုလာခဲ့ဖို့ ပြောပါတယ်။ အဲ့ဒီနောက်မှာတော့ ကျမတို့ ဘက်က ဂျက်နဲ့ရို့စ် (တိုက်တန်းနစ်ထဲမှ သူတို့နှစ်ဦး၏ဇာတ်ကောင်အမည်) တို့နဲ့ ညစာအတူစားသုံးခွင့်ကို လေလံတင်ခဲ့ပါတယ်” ဟု သူမက ပြောခဲ့သည်။

ကိတ်နှင့်လီယိုတို့သည် လွန်ခဲ့သောဇူလိုင်လက Jack and Rose ဟုအမည်ပေးထားသော ညစားစာပွဲသုံးခုကို ပြုလုပ်ခဲ့ပြီး ရန်ပုံငွေ ၁.၃၅ သန်းအထိ ရရှိခဲ့ကာ ယင်းငွေများကို နက်တောလ်နှင့် လီယို၏ဖောင်ဒေးရှင်း အတွက် အညီအမျှခွဲဝေခဲ့ကြောင်း သိရသည်။

Ref: USMagazine

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required