ဦးဘိုဘိုမင်းသိုက်သေဆုံးမှုမှ လူ ၅ ဦးအား ရန်ကုန်တွင် ဖမ်းဆီးရမိပြီး စစ်ဆေးနေ

ဦးဘိုဘိုမင်းသိုက်သေဆုံးမှုမှ လူ ၅ ဦးအား ရန်ကုန်တွင် ဖမ်းဆီးရမိပြီး စစ်ဆေးနေ

နေပြည်တော် ဖေဖော်ဝါရီ ၁ ။            ။ ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုမင်းသိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး သေဆုံးသူနှင့် ကားအတူစီးလာရာမှ ထွက်ပြေးသွားသူတစ်ဦး ဖြစ်သည့် မင်းသန်းဌေး(ခ) မင်းသန်းထိုက်အား မရမ်းကုန်းမြို့နယ် (၈)မိုင် မီးပွိုင့်၌ 9C/xxxx Hilux Surf ယာဉ်နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ၊ ၃၀ ရက်နေ့၊ ၁၈၀၀ အချိန် ပုဏ္ဏားကျွန်းမြို့ မြောက်ဘက် ၇ မိုင်ခန့်အကွာ ယိုးငူကျေးရွာ နှင့် အောင်ဖြူပင်ကျေးရွာကြား သရက်ချို ကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းမိုင်တိုင် (၁၆၉/ဝ-၁)ကြား၌ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုမင်းသိုက် (၃၇)နှစ် တွင် ရင်ညွန့်ထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာ နို့အုံအောက် ထိုးသွင်းဒဏ်ရာ ၁ ချက်စီ၊ ဝဲ/ယာလက်ပြင် ထိုးသွင်းဒဏ်ရာ ၁၂ ချက်နှင့် ဝဲမျက်ခုံးပြတ်ရှ ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးမှု) ဖြစ်ပွားခဲ့သည်။

မြောက်ဦးမြို့နယ်မှ စစ်တွေမြို့သို့ မောင်းနှင်လာသော ဦးဘိုဘိုမင်းသိုက်၏ ကားအထဲတွင် ၎င်းနှင့်အတူ လူ ၃ ဦး လိုက်ပါ လာရာ ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီးတွင် လုပ်ကြံခံရပြီး ကားမှာလမ်းဘေးကို ထိုးဆင်းသွားကာ သူနှင့်အတူလိုက်ပါလာသည့် လူ ၃ ဦးမှာ ထွက်ပြေးသွားခဲ့ပြီး ၎င်းမှာ ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

အဆိုပါ မော်တော်ယာဉ်မှာ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့် (၄၈ နှစ်)ပိုင် လိုင်စင်မဲ့ယာဉ် ဖြစ်ပြီး ဦးဘိုဘိုမင်းသိုက်နှင့်အတူ ဦးကျော်မြင့်၏ သား နှင့် အခြားလူငယ်တစ်ဦး လိုက်ပါသွားကြောင်း၊ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဦးကျော်မြင့်၏ သား အပါအဝင် လူငယ် နှစ်ဦးမှာ ပျောက်ဆုံးနေကြောင်း၊ သတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

မသင်္ကာသူ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်(ခ) ခိုင်ကျော် (၄၇)နှစ်၏ သားကြီးဖြစ်သူ မင်းသန်းဌေး (ခ)မင်းသန်းထိုက် (၂၀)နှစ် တို့အပါအဝင် ၂ ဦးသည် သားငယ်ဖြစ်သူ မင်းချစ်သူ(၁၅)နှစ် ၉ တန်း ကြူစန်းရွာသစ် မင်္ဂလာဒုံမြို့နယ်နေသူထံ လာရောက်မည် ဖြစ်ကြောင်း သတင်းအရ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု၊ ကွက်သစ်(၃) နယ်မြေ မေတ္တာဂုဏ်ရောင် သီလရှင်ကျောင်း တွင် ဦးကျော်မြင့်(ခ) ခိုင်ကျော် ရောက်ရှိနေကြောင်း သတင်းအရ တောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းဖေ ဦးစီးပူးပေါင်းအဖွဲ့မှ သွားရောက် ဖမ်းဆီးရာ ဦးကျော်မြင့်(ခ) ခိုင်ကျော်နှင့်ဇနီး ဒေါ်ကြည်ကြည်ဝင်း (၄၇)နှစ် နှင့် ချွေးမ မခိုင်ဇာလှိုင်(၂၀)နှစ် (မင်းသန်းဌေး(ခ) မင်းသန်းထိုက်၏ ဇနီး) တို့အား 5M/xxxx Honda Insight ယာဉ် ၁ စီး၊ ငွေကျပ် ၇၅၀ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဦးကျော်မြင့်(ခ) ခိုင်ကျော်၊ မင်းသန်းဌေး(ခ) မင်းသန်းထိုက်၊ ဒေါ်ကြည်ကြည်ဝင်း၊ မခိုင်ဇာလှိုင်တို့ ၄ ဦးအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုအား ပုဏ္ဏားကျွန်း မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ (ပ)၁၃/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၄၄၀/ ၁၁၄ အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သေဆုံးသူဖြစ်သည့် ဦးဘိုဘိုမင်းသိုက်သည် မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရာထူးမှ ရခိုင်ပြည်နယ်ရုံး လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့ က ပြောင်းရွေ့တာဝန်ပေးခြင်းခံထားရသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required