မြောက်ဦးပဋိပက္ခနှင့်ပတ်သက်ပြီး စစ်တွေဆေးရုံမှာ အရေးပေါ်ကုသနေသော လူနာ ၈ ဦးကို အရေးယူဖမ်းဆီး

မြောက်ဦးပဋိပက္ခနှင့်ပတ်သက်ပြီး စစ်တွေဆေးရုံမှာ အရေးပေါ်ကုသနေသော လူနာ ၈ ဦးကို အရေးယူဖမ်းဆီး
စစ်တွေပြည်သူ့ဆေးရုံကြီး/ ဓာတ်ပုံ- RiA

 

 

စစ်တွေ၊ ဇန်နဝါရီလ ၂၃ ရက်။                 ။  မြောက်ဦးပဋိပက္ခဖြစ်စဉ်တွင် ရဲလုံခြုံရေးများ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး စစ်တွေဆေးရုံက အရိုးလူနာဆောင်တွင် အရေးပေါ်ဆေးကုသမှုခံယူနေသူ လူနာ ၈ ဦးကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးပြီး အချုပ်သားလူနာဆောင် သို့ ပြောင်းရွှေ့ထိန်းသိမ်းထားကြောင်း သိရသည်။

“လူနာ ၈ ယောက်လုံး အချုပ်သားလူနာဆောင်မှာပါ ဖမ်းထားပါတယ်။ လက်ထိပ်ခတ်ပြီးတော့ ဖမ်းထားတာပါ။ ရဲကလည်း ဘာမှပြောမသွားဘူး။ ဘာကြောင့်ဖမ်းသွားတာလဲ မသိပါဘူး။”ဟု လူနာဦးသန်းဇော်၏ မိခင် ဒေါ်နီနီက ပြောသည်။

အဆိုပါဖြစ်စဉ်များဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော်သူများနှင့် ဟောပြောပွဲများ ဦးဆောင်ကျင်းပသူများ ကိုလည်း နိုင်ငံတော်ပုန်ကန်မှု ဥပဒေပုဒ်မနှင့် ဖမ်းဆီးအရေးယူသွားဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

“ဒီလိုဖြစ်စဉ်တွေဖြစ်လာအောင် ဘယ်သူက လုပ်တယ်။ ဘယ်သူက လှုံ့ဆော်တယ်ဆိုတာကို ကျွန်တော်တို့ သိလာအောင် ဖော်ထုတ်ရပါမယ်။ ဒီဖြစ်စဉ်တွေမှာ ပါဝင်ပတ်သတ်သူတွေ ဦးဆောင်ကျင်းပသူတွေကိုလည်းပဲ ကျွန်တော်တို့ အရေးယူသွားမှာပါ။”ဟု ပြောကြားထားသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးနန်းရာကုန်းတွင် ကျင်းပရန်စီစဉ်ထား သည့် ရခိုင်ဘုရင်အချုပ်အခြာ အာဏာ ကျဆုံခြင်း ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို အာဏာပိုင်များက တားမြစ်ခဲ့ခြင်းကြောင့် ကျင်းပခွင့်ရရှိရေးအတွက် မြို့ခံများ လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး အရပ်သား ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly