စစ်တွေတွင် ကန့်ကွက်ဆန္ဒပြရန် လှုံ့ဆော်မှုများကြောင့် လုံခြံုရေး တိုးမြှင့်ချထား

စစ်တွေတွင် ကန့်ကွက်ဆန္ဒပြရန် လှုံ့ဆော်မှုများကြောင့် လုံခြံုရေး တိုးမြှင့်ချထား
စစ်တွေမြို့တွင်း တစ်နေရာမြင်ကွင်း ။ ဓာတ်ပုံ - အေးချမ်းခိုင်

ရန်ကုန်၊ ဇန်နဝါရီလ ၂ဝ ။          ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း လူထုအင်အားဖြင့် ကန့်ကွက်ဆန္ဒပြရန် လှုံ့ဆော်စာများ လူမှုကွန်ယက် တွင် ပျံ့နှံ့လျက်ရှိနေပြီး လက်ရှိတွင် စစ်တွေမြို့ရှိ နေရာ ၁ဝ နေရာတွင် လုံခြုံရေးတိုးမြှင့်ချထားကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက မဇ္ဈိမသို့ ယနေ့ ဇန်နဝါရီလ ၂ဝ ရက်၊ နံနက် ၁၁ နာရီတွင် ပြောသည်။

ရသေ့တောင်မြို့နယ်တွင် ဟောပြောခဲ့သောကိစ္စနှင့် ပတ်သက်ပြီး အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာအေးမောင်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက် ခြင်းအပေါ် ရခိုင်ပြည်သူလူထုက ကန့်ကွက်ဆန္ဒပြမည်ဟူသော လှုံ့ဆော်စာများ လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေခြင်း ဖြစ်သည်။

“ ကျွန်တော်တို့က ငြိမ်းစုစီပေါ့။ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် တင်ပြရမှာဖြစ်ပြီးတော့ တရားဝင် ခွင့်ပြုချက်နဲ့ ဆန္ဒပြတာက ဘာမှပြဿနာမရှိပါဘူးခင်ဗျာ။ အဲ့ဒါတော့ သူတို့ တရားဝင်လမ်းကြောင်းအရ လုပ်ရ မှာပေါ့နော်။ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းရဲ့ခွင့်ပြုချက်ရရင် လုပ်ခွင့်ရှိပါတယ်ခင်ဗျ။ ခွင့်ပြု ချက်မရဘဲ လုပ်ရင်တော့ ငြိမ်းစုစီဖောက်ဖျက်မှုနဲ့ ငြိစွန်းမှာပေါ့။ အဲ့လိုမှာမဟုတ်ဘဲနဲ့ ဆန့်ကျင်မယ့်အခြေအနေ ဖြစ်တဲ့ မီးရှိုးမယ်။ ဖျက်စီးမယ်။ ပစ္စည်းလုယက်မယ်ဆိုတဲ့ အဲ့ဒီလိုဟာတွေ ပေါ်ပေါက်နိုင်တယ်လို့ ယူဆတဲ့အတွက် ကျွန်တော်တို့ လုံခြုံရေးကို မြို့တွင်း ၁ဝ နေရာမှာ ဖြန့်ကျက်ပြီးတော့ တိုးမြှင့်ချထားတာ ဖြစ်ပါတယ်ခင်ဗျ”ဟု ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

လက်ရှိတွင် စစ်တွေမြို့၏ အခြေအနေမှာ တည်ငြိမ်အေးချမ်းလျက်ရှိပြီး ပုံမှန်ရောင်းဝယ်ဖောင် ကားလျက်ရှိ ကြောင်း ပြည်နယ်ရဲမှူးကြီးအောင်မြတ်မိုး ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်က ရသေ့တောင်မြို့နယ်၊ မေယုရင်သွီး လူမှုကူညီရေးအသင်းမှ ဦးဆောင်ပြီး ပြုလုပ်သည့် စာပေဟောပြောပွဲ အခမ်းအနားတွင် ဒေါက်တာအေးမောင်က ဗမာများက ရခိုင်လူမျိုးများအား ကျွန်များအဖြစ်သာ ထားရှိပြီး တန်းတူအခွင့်အရေးမပေးကြောင်း၊ လက်နက်ကိုင်တော်လှန်ပြီး အချုပ်အခြာ အာဏာရရှိရေး ဆောင်ရွက်သူများ ရှိနေကြောင်းပြောဆိုခဲ့သည်ဟု ဇန်နဝါရီ ၁၇ ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဒေါက်တာအေးမောင်ကို နိုင်ငံတော် သစ္စာဖောက်ဖျက်မှု ဥပဒေပုဒ်မ- ၁၂၁ (ခ) ဖြင့် ဇန်နဝါရီလ ၁၈ ရက်၊ နေ့လည် ၁၂ နာရီခွဲအချိန်တွင် ၎င်းနေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိတွင် စစ်တွေ အကျဉ်း ထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required