လက်ဘနွန်၌ ဟားမတ်စ်အရာရှိတစ်ဦး ကားဗုံးထောင်ပြီးလုပ်ကြံခံရ

လက်ဘနွန်၌ ဟားမတ်စ်အရာရှိတစ်ဦး ကားဗုံးထောင်ပြီးလုပ်ကြံခံရ

 

ဆီဒွန်၊ လက်ဘနွန်၊ ဇန်နဝါရီ ၁၅ ။               ။ လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဆီဒွန်မြို့၌ တနင်္ဂနွေနေ့က ပါလက်စတိုင်းအစ္စလာမ်မစ်လှုပ်ရှားမှုအဖွဲ့ ဟားမက်စ်မှ အရာရှိတစ်ဦး ကားဗုံးထောင်၍ လုပ်ကြံခံခဲ့ရသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

လုပ်ကြံခံရသူမှာ ဟားမက်စ်အရာရှိတစ်ဦးဖြစ်သော မိုဟာမက်ဟမ်ဒမ်ဖြစ်သည်ဟု လက်ဘနွန်နိုင်ငံအတွင်းရှိ ဟားမက်စ်အဖွဲ့ခွဲမှ အတည်ပြုပေးခဲ့သည်။

“ပေါက်ကွဲမှုကြောင့် သူ့ရဲ့ခြေထောက် ဒဏ်ရာရရှိခဲ့ပါတယ်။ သူ့ရဲ့ကားပျက်စီးသွားသလို အဆောက်အဦးတစ်ခု လည်း ထိခိုက်သွားပါတယ်။ ကနဦးရရှိတဲ့ သက်သေတွေအရ ဒီရာဇဝတ်မှုရဲ့နောက်ကွယ်မှာ ဂျူးဝါဒီသမားတွေ ရှိတယ်လို့ သိထားပါတယ်” ဟု ဟားမက်စ်အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

စစ်တပ်မှလာသောသတင်းများအရ BMW အမျိုးအစားကားတစ်စီး ပေါက်ကွဲခဲ့သောကြောင့် ဟားမက်စ်အရာရှိ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး လုပ်ကြံသူများက သူ၏ကားအတွင်း၌ ၅၀၀ ဂရမ်ခန့်ရှိသော ဗုံးတစ်လုံးကိုထောင်ထားခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။

မီးသတ်သမားများသည် မီးလောင်ကျွမ်းနေသော အဆိုပါယာဉ်ကို မီးငြိမ်းသတ်ရန်အတွက် ရောက်ရှိလာခဲ့ပြီး လက်ဘနွန်လုံခြုံရေးတပ်ဖွဲ့များက အဆိုပါနေရာတဝိုက်ကို အစောင့်အကြပ်များနှင့် ပိတ်ဆို့ထားသည်။

လက်ဘနွန်ရှိ ဟားမက်စ်အဖွဲ့၏ ကိုယ်စားလှယ်ဖြစ်သူ အလီဘာရာကာက ဟမ်ဒမ် ဆေးကုသမှုခံယူနေသည့် ဆေးရုံသို့ သွားရောက်ခဲ့ပြီး “ဟားမက်စ်အဖွဲ့ဟာ ယခုရာဇဝတ်မှုကို ဖော်ထုတ်ဖို့အတွက် လက်ဘနွန်လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းနေပါတယ်။ ဟမ်ဒမ်ကို ပစ်မှတ်ထားခဲ့တဲ့ မအောင်မြင်တဲ့လုပ်ကြံမှုရဲ့ အဓိကလက်သည် တရားခံကို ဖော်ထုတ်သွားမှာပါ” ဟု သတင်းထောက်များအား ပြောခဲ့သည်။

ဒါ့အပြင် သူက “ဟမ်ဒမ်ဟာ ဟားမက်စ်အဖွဲ့ရဲ့ လုံခြုံရေးတပ်ဖွဲ့ကဖြစ်ပါတယ်။ သူ့ရဲ့အလုပ်ဟာ ပါလက်စတိုင်း ပြည်ထဲရေးကိစ္စတွေနှင့် ပက်သက်မှုရှိပါတယ်။ သူ့ရဲ့အလုပ်အနေအထားကြောင့် အစ္စရေးတို့ဘက်ကနေ လုပ်ကြံလိုက်တာဖြစ်နိုင်ပါတယ်” ဟုလည်း စွပ်စွဲပြောဆိုခဲ့သည်။

ဟားမက်စ်အဖွဲ့သည် လွန်ခဲ့သောဆယ်စုနှစ်အတွင်း အစ္စရေးတို့နှင့် စစ်ပွဲ ၃ပွဲ ဆင်နွှဲခဲ့သည်။ ယင်းအဖွဲ့သည် ဂါဇာဒေသ၌ အခြေစိုက်သော်လည်း ၎င်း၏အဖွဲ့ခွဲများသည် လက်ဘနွန်နိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်း ဒေသအနံှ့အပြား၌ အခိုင်အမာတည်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required