ကယ်လိုဖိုးနီးယားမြောက်ပိုင်းရှိ တောမီးလောင်ကျွမ်းသောဒေသ၌ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်း

ကယ်လိုဖိုးနီးယားမြောက်ပိုင်းရှိ တောမီးလောင်ကျွမ်းသောဒေသ၌ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်း

 

ဆန်ဖရန်စ္စကို၊ ဇန်နဝါရီ ၉ ။                ။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားရှိ တောမီးလောင်ကျွမ်းခဲ့သော ကွန်မြူနတီများ၌ တနင်္လာနေ့က မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြေပြိုကျမှုအန္တရာယ်များ မြင့်တက်လာသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဆန်ဖရန်စ္စကိုမြောက်ပိုင်းရှိ ကောင်တီများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားလာနိုင်ပြီး သည်းထန်စွာရွာသွန်း နေသောမိုးကြောင့် ပြီးခဲ့သောအောက်တိုဘာလက တောမီးလောင်ကျွမ်းခဲ့သည့် နယ်မြေထဲ၌ မြေပြိုကျမှုများ ဖြစ်ပွားလာနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူများက သတိပေးချက်ထုတ်ပြန်ခဲ့သည်။.

ကယ်လီဖိုးနီးယားပြည်နယ်ထဲ၌ မကြာသေးခင်က လောင်ကျွမ်းခဲ့သောတောမီးကြောင့် လူပေါင်း ၄၄ဦးသေဆုံး ခဲ့ပြီး နေအိမ်နှင့်အဆောက်အဦးပေါင်း ၈၉၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။

ပြီးခဲ့သောနှစ်က ကယ်လီဖိုးနီးယားပြည်နယ်၌ မိုးခေါင်ခဲ့ပြီး အလွန်ခြောက်သွေ့သော ရာသီဥတုအခြေအနေနှင့် ပြင်းထန်သောလေတိုက်နှုန်းတို့ကြောင့် ကြီးမားသော   တောမီးလောင်ကျွမ်းမှုများ   ဖြစ်ပွားခဲ့ရသည်။

ယခုအခါတွင် အလက်စကာပင်လယ်ကွေ့မှ တိုက်ခတ်လာသော လေမုန်တိုင်းကြောင့် ကယ်လီဖိုးနီးယား ပြည်နယ်ရှိ တောမီးလောင်ကျွမ်းထားသော နယ်မြေများထဲ၌ မိုးရေချိန် ၁၀ စင်တီမီတာအထိ ရွာသွန်းခဲ့ကြောင်း သိရသည်။

တနင်္လာနေ့အစောပိုင်းက တိုက်ခတ်ခဲ့သည့်မုန်တိုင်းကြောင့် ဆန်ဖရန်စ္စကိုမြို့၌ ယာဉ်ကြောပိတ်ဆို့မှုများနှင့် ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required