ရွှေစက်တော် မန်းချောင်းသောင်ပြင် တည်ဆောက်ရေး လုပ်ငန်းများ ဒေသခံများလုပ်ကိုင်ခွင့်ရ၍ အဆင်ပြေနေ

ရွှေစက်တော် မန်းချောင်းသောင်ပြင် တည်ဆောက်ရေး လုပ်ငန်းများ ဒေသခံများလုပ်ကိုင်ခွင့်ရ၍ အဆင်ပြေနေ
ဓာတ်ပုံ - တင်ရွှေ (မဇ္ဈိမ)
 

မကွေး၊ ဒီဇင်ဘာ ၂၉

မန်းရွှေစက်တော်ဘုရားပွဲတော် အကြိုကာလ မန်းချောင်းသောင်ပြင် တည်ဆောက်ရေး လုပ်ငန်းများ စတင်လျက် ရှိရာ ဒေသခံများ၊စျေးသည်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ အဆင်ပြေနေကြကြောင်း သိရသည်။

မန်းချောင်းသောင်ပြင် တည်ဆောက်ရေးလုပ်ငန်းများတွင် မကွေးမှ မြစ်ခြေ၊ မင်းဘူး၊ စကု၊ ငဖဲ၊ ပွင့်ဖြူ၊ စလင်း အစရှိသည့် မြို့နယ်များမှ ဒေသခံ ၁၀၀၀ ကျော် ဝင်ရောက်လုပ်ကိုင်နေရ၍ စီးပွားရေး အဆင်ပြေနေကြောင်း သောင်ပြင်တည်ဆောက်ရေးလုပ်ငန်းခွင်မှ သိရသည်။

ပွဲတော်အကြို တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် စျေးဆိုင်ခန်းများ၊ဘုရားဂေါပကအဖွဲ့ ဗဟိုအလှူခံ မဏ္ဍပ်၊ တည်းခိုဆောင်များ၊ အောက်စက်တော်ရာသို့ သွားသည့် အထူးတံတားများ၊ ပျံကျဆိုင်တန်းများ ဆောက်လုပ်ရာတွင် ခန့်မှန်း အချိန်ကာလတစ်လခန့် ကြာမြင့်ဆောက်လုပ်ရကြောင်း သိရသည်။

“ ပွဲတော်မစမီ မန်းချောင်းသောင်ပြင်ကို ဂေါပကအဖွဲ့က စပြုပြင်ရပါတယ်၊သောင်ပြင် ပြုပြင်ပြီးတဲ့အခါ တည်ဆောက်ရေး လုပ်ငန်းတွေ စတင်ပါတယ်၊ တည်ဆောက်ရေး လုပ်ငန်းတွေကို သူ့ကန်ထရိုက်နဲ့ သူ သတ်မှတ်ပေးထားတဲ့ရက်နဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာလုပ်ကိုင်ရပါတယ်၊ ၁လလောက်ပဲ အချိန်ရတော့ သောင်ပြင်မှာ ဝန်ထမ်းအင်အား ထောင်ကျော်နဲ့ လုပ်ကိုင်နေကြတာပါ” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးတူးက ပြောသည်။

နှစ်စဉ်နှစ်တိုင်း ပွဲတော်အကြိုကာလ မန်းချောင်းသောင်ပြင်တွင် ဒေသခံများသည် ၁လခန့် အလုပ်ကိုင်များ ရရှိနေ၍ စားဝတ်နေရေး အဆင်ပြေကြောင်း လက်သမားဆရာများက ပြောသည်။

“ ဒီအချိန်ဆို ဒေသခံတွေ သောင်ပြင်မှာ အလုပ်အကိုင် ပေါများတယ်၊ထမင်းချက်ကအစ အောက်ခြေလုပ်သား
တစ်ယောက်ကို တစ်နေ့ကို အနည်းဆုံး ၄၀၀၀ကျပ်ကနေ ၅၀၀၀ကျပ်ထိ၊လက်သမားတွေဆိုရင် ရ၀၀၀ ကျပ်ကနေ ၈၀၀၀ ကျပ် အထိ လုပ်အားခ ရကြပါတယ်” ဟု လက်သမားဆရာ ဦးချစ်ကိုက ပြောသည်။

မန်းချောင်းသောင်ပြင် ပွဲတော်အကြိုကာလတွင် တည်ဆောက်ရေး လုပ်ငန်းများအပြင် ဘုရားဖူးများပါ လာရောက်လျက်ရှိရာ ဒေသခံများ ယာယီစျေးသည်များ စားသောက်ဆိုင်များလာရောက် ရောင်းဝယ်လျှက် ရှိသည်ကို တွေ့ရှိရသည်။

“ မန်းချောင်းသောင်ပြင် စပြင်ကတည်းက စားသောက်ဆိုင်တွေ၊အသားငါး အသီးအရွက်စျေးသည်တွေ၊သစ် မျော ဝါးရောင်းချသူတွေ အလုပ်ဖြစ်ကြတယ်လေ တည်ဆောက်ရေးကာလ ၁လလောက်အတွင်း ရောင်းဝယ် ကောင်းကြပါတယ်” ဟု စားသောက်ဆိုင်ပိုင်ရှင် ကိုမျိုးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required