စာပေညီလာခံဂုဏ်ပြု မကွေး- ရန်ကုန် စက်ဘီးစီးခရီးစဉ် ကျန်းမာရေးကြောင့် ဖျက်သိမ်းလိုက်ရ

စာပေညီလာခံဂုဏ်ပြု မကွေး- ရန်ကုန် စက်ဘီးစီးခရီးစဉ် ကျန်းမာရေးကြောင့် ဖျက်သိမ်းလိုက်ရ

ရန်ကုန် ဒီဇင်ဘာ ၃ ။            ။ စာပေညီလာခံကြိုဆိုဂုဏ်ပြုရန် မကွေးမှ ရန်ကုန် သို့ စက်ဘီးစီးလှုပ်ရှားမှုပြုလုပ်နေသည့် ဝါရင့် ကဗျာဆရာကြီးလွမ်းရ (မကွေး) သည် မကွေးမြို့မှ အောင်လံမြို့အရောက် စက်ဘီးလဲ၍ ဆေးဝါးကုသ မှုခံယူနေရပြီး၊ စက်ဘီးစီးခရီးစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။

မကွေးမြို့မှ ဒီဇင်ဘာလ ၂ရက်နေ့ နံနက် ၆ နာရီ တွင် စတင်ထွက်ခွာခဲ့ပြီး စာပေဝါသနာရှင် ကိုသက် (ချမ်းမြေ့သာယာ)နှင့်အတူ မကွေး -သစ်ရာကောက်- ကိုးပင်-အောင်လံ-ပြည်-ရန်ကုန် လမ်းကြောင်းမှ စီးနင်းလာစဉ် အောင်လံမြို့တွင် ခရီးစဉ်ကို အဆုံးသတ်ခဲ့ရခြင်းဖြစ်သည်။

ယမန်နေ့ညနေပိုင်းက အောင်လံမြို့သို့ ရောက်ရှိလာခြင်းဖြစ်ပြီး၊ ၄င်းစီးနင်းလာသည့်စက်ဘီးမှာ အရှေ့ ၀င်ရိုးကျိုးသွား၍ လဲကျသွားခဲ့သည့်အတွက် အောင်လံဆေးရုံသို့ တက်ရောက်ဆေးဝါးကုသခဲ့ရ ကြောင်း မကွေးမြို့နယ်၊ စာရေးဆရာသမဂ္ဂ ဥက္ကဋ္ဌ စာရေးဆရာ နိုင်ယုဝေက ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့က မဇ္ဈိမသို့ပြောသည်။

" စက်ဘီးဆင်စွယ် (၀င်ရိုး)ကျိုးသွားပြီး လဲသွားတာ၊ ချက်ချင်း အောင်လံဆေးရုံတင်လိုက်တယ်၊ အသက် ကလည်း ကြီးနေတော့ စိုးရိမ်ကြတာပေါ့၊ ဒါပေမယ့် ဘာမှ စိုးရိမ်စရာတော့ မရှိပါဘူး၊ ရင်ဘက်နည်း နည်း အောင့်သွားတာ၊ ဆေးရုံကတော့ ဒီနေ့ မနက် ဆင်းခွင့်ပေးပါတယ်" ဟု မကွေးမြို့နယ်၊ စာရေး ဆရာသမဂ္ဂ ဥက္ကဋ္ဌ စာရေးဆရာ နိုင်ယုဝေက ပြော သည်။

လက်ရှိအနေအထားတွင် ကဗျာဆရာကြီးလွမ်းရ၏ ကျန်းမာရေးအနေအထားမှာ စိုးရိမ်စရာမရှိသော် လည်း လိုအပ်ပါက မကွေးပြည်သူ့ဆေးရုံကြီးတွင် ထပ်မံကုသရန် အောင်လံမှ မကွေးသို့ ယနေ့ ပြန် လာမည် ဖြစ်သည်ဟု စာရေးဆရာ နိုင်ယုဝေက ဆက်ပြောသည်။

" ခရီးစဉ်ကတော့ ဖျက်လိုက်ရတာပေါ့၊ စာပေညီလာခံကိုလည်း အကြောင်းကြားထားပြီးပါပြီ၊ ဆရာကြီး ကတော့ ဆက်သွားချင်တာပေါ့၊ ဒါပေမယ့် သူ့ မိသားစုကလည်း စိုးရိမ်တယ်လေ၊ ခရီးစဉ်ကတော့ ဖျက်လိုက်ရတဲ့အနေအထားပေါ့၊ မကွေးကို ပြန်ခေါ် ဖို့ ကားစီစဉ်နေတယ်၊ မကွေးဆေးရုံမှာ လိုအပ်ရင် ထပ်ပြရမှာပေါ့" ဟု စာရေးဆရာ နိုင်ယုဝေက ပြော သည်။

အသက် ၆၅ နှစ်ရှိပြီဖြစ်သော ကဗျာဆရာကြီး လွမ်းရ(မကွေး)သည် ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၁၂ ရက်နေ့မှ စတင်ကျင်းပမည့် စာပေညီလာခံကို ကြို ဆိုဂုဏ်ပြုသည့်အနေဖြင့် မကွေး- ရန်ကုန် စက်ဘီး စီးခရီးစဉ်လှုပ်ရှားမှု ကို ပြုလုပ်နေသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required