ဒေါ်အောင်ဆန်းစုကြည် ရဲ့ Freedom of Oxford ဆုကို အောက်စ်ဖို့ဒ်အာဏာပိုင်တွေ ပြန်ရုပ်သိမ်း

ဒေါ်အောင်ဆန်းစုကြည် ရဲ့ Freedom of Oxford ဆုကို အောက်စ်ဖို့ဒ်အာဏာပိုင်တွေ ပြန်ရုပ်သိမ်း

 

နိုဝင်ဘာ ၂၈ ။               ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်းပေးအပ်ထားခဲ့တဲ့ အောက်စ်ဖို့ဒ်မြို့ လွတ်လပ်မှုဆု "The Freedom of the City of Oxford Award" ကို ယခုအခါ မြို့ အာဏာပိုင်တွေက တရားဝင် ပြန်လည်ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဘင်္ဂါလီ မွတ်ဆလင်အရေးကိစ္စမှာ သူမရဲ့ တုန့်ပြန်ပုံကြောင့် ယခုလို အပ်နှင်းပြီးသားဆုကို ပြန်ရုပ်သိမ်းဖို့ အောက်စ်ဖို့ဒ်အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြီးခဲ့တဲ့ ၁၉၉၇ ခုနှစ်က ချီးမြှင့်အပ်နှင်းထားခဲ့တဲ့ ယင်း Freedom of Oxford ဆုကို အပြီးအပိုင် ရုပ်သိမ်းဖို့ ယမန်နေ့က အောက်စ်ဖို့ မြို့ ကောင်စီက တစ်ခဲနက် မဲပေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

၎င်းတို့အနေနဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေအပေါ်မှာ မျက်စိစုံမှတ်ထားသူတွေကို ဆုချီးမြှင့်ထားလိုခြင်း မရှိဘူးလို့လည်း ယင်း အောက်စ်ဖို့ဒ်မြို့ကောင်စီက ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ထံကနေ ယင်းဆုကို ရုတ်သိမ်းဖို့ မကြာသေးမီ ကာလကတည်းက အဆို တင်သွင်းထား ခဲ့တာဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းမှာမှ ယခုလို ဆုပြန်လည်ရုပ်သိမ်းမယ့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြတာဖြစ်ပါတယ်။

ယခုလို ဆုရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက်ချတဲ့ နေ့နဲ့ တစ်ရက်တည်းမှာပဲ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံမှာ ကြွချီရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ဘာသာရေးခွဲခြားဆက်ဆံမှု မရှိဘူးဆိုပြီး ပြောဆိုထားခဲ့ပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required