လှည်းကူး၊ မရမ်းချောင်းရွာအနီး အရေခွံခွာယူ သတ်ဖြတ်ခံထားရသည့် တောဆင်ရိုင်းအသေ တွေ့ရှိ

လှည်းကူး၊ မရမ်းချောင်းရွာအနီး အရေခွံခွာယူ သတ်ဖြတ်ခံထားရသည့် တောဆင်ရိုင်းအသေ တွေ့ရှိ
photo - ဦးစိုးမြင့်

ရန်ကုန် နိုဝင်ဘာ ၆ ။           ။ အရေပြား ဆုပ်ခွာခံထားရသော ဆင်သေတစ်ကောင်တွေ့ရှိခဲ့ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်း ကျေးရွာအုပ်စု၊   ကျောက်ချောရွာအနီးတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ကျောက်ချောကျေးရွာသားများက ကျေးရွာ၏ အရှေ့မြောက်ဘက်၊ သဲကောချောင်းနှင့် ဝါးတလက်ချောင်း အဆုံတွင် တွေ့ရှိခဲ့ကြပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့သည်ဟု လှည်းကူးမြို့နယ်၊ ဖောင်ကြီး နယ်မြေရဲစန်းမှ ဒုရဲအုပ် အေးသန္တာက မဇ္ဈိမသို့ ယနေ့ နိုဝင်ဘာ ၆ ရက်နေ့က အတည်ပြုပြောသည်။

" စတွေ့တာက အဲဒီနားက ရွာသားတွေပဲ၊ အုပ်ချုပ် ရေးမှူးကို အကြောင်းကြားပြီးတော့မှ သစ်တော ဦးစီးဌာနနဲ့ ကျွန်မတို့ကို အကြောင်းကြားတဲ့အတွက် သွားကြည့်ခဲ့ကြတာပါ၊ ဆင်ဆရာဝန်လည်း စစ်ဆေးခဲ့တာပါတယ်" ဟု ဖောင်ကြီး နယ်မြေရဲစန်းမှ ဒုရဲအုပ် အေးသန္တာက ပြောသည်။

အခင်းဖြစ်နေရာသို့ လှည်းကူးမြို့နယ်၊ သစ်တောဦး စီးဌာန၊ ဖောင်ကြီးသစ်တောဘိနယ်မှ တောအုပ်ကြီး ဦးအောင်လွင်နှင့် သစ်တောဝန်ထမ်း ၄ ဦး၊ ဖောင် ကြီးနယ်မြေရဲ စခန်းမှ တာဝန်ရှိသူများ၊ မရမ်းချောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသံချောင်း နှင့် အဖွဲ့ဝင် ၃ ဦးတို့ ၊ သာယာဝတီ သစ်ထုတ်လုပ်ရေးဌာနမှ လ/ထ တိရိစ္ဆာန် ဆေးကုမှူး ဦးဖြိုးသူအောင်လိုက်ပါ စစ်ဆေးခဲ့ကြသည်။

သေဆုံးနေသော ဆင်၏အမြင့်ပေ ၅ ပေ၊ ၈ လက်မခန့်၊ ခန္ဓာကိုယ် လုံးပတ် ၁၀ ပေ၊ ၆ လက်မခန့်၊ နှာမောင်း အရှည် ၄ ပေ ၆ လက်မခန့်၊ အလျားပေ ၆ ပေခွဲခန့်၊ အမြီး လုံးပတ် ရ လက်မခန့်၊ အရှည် ၃ ပေခန့်ရှိပြီး ဟိုင်းဆင်အမျိုးအစား၊ အထီးဖြစ်ကြောင်း သိရ သည်။

အဆိုပါ တောဆင်ရိုင်းသည် ဆင်မုဆိုးများ ဖမ်းဆီး သတ်ဖြတ်၍ အရေပြားခွာယူခဲ့ပြီး လွန်ခဲ့သော ၃ ရက် ခန့်ကသေဆုံးခဲ့သည်ဟု သက်ဆိုင်ရာ တာဝန် ရှိသူများက ယူဆကြောင်းသိရသည်။

အဆိုပါဆင်သေရုပ်ကြွင်းအား သစ်တောဌာနနှင့် ရဲတပ်ဖွဲ့က စစ်ဆေးဆောင်ရွက်ပြီးနောက် နိုဝင်ဘာ လ ၆ ရက်နေ့၊ ညနေပိုင်းက အခင်းဖြစ်နေရာတွင် မီးသဂြုင်္ဟ်ပြီးစီးခဲ့သည်။

တောဆင်းရိုင်းများကို ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် အများဆုံးသတ်ဖြတ်ခြင်း ခံနေရပြီး၊ တောဆင်ရိုင်းများ စားကျက်ရှားပါးလာနေသည်ဟု တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေး မိတ်ဆွေများ အသင်းမှ မမေမိုးဝါ က ပြောထားသည်။

ဆင်၏ အရေပြားအပါအဝင် ဆင်ခန္ဓာကိုယ်အစိတ်အပိုင်းများသည် တရားမဝင်စျေးကွက်အတွင်း၌ ၀ယ်လိုအား မြင့်မားနေခြင်းကြောင့် မြန်မာနိုင်ငံသည် ဆင်များကို အမဲလိုက်သတ်ဖြတ်ရာ အဓိကနေရာတစ်ခုဖြစ်လာနေကာ တရုတ်-မြန်မာ နယ်စပ်သည် အဓိက မှောင်ခိုစျေးကွက်ဖြစ်လာနေသည်။

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ် ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ အရ လုံးဝကာကွယ်ပေးထားသည့် တောဆင်ရိုင်း များအနက် ရ နှစ်အတွင်း ၆၉ ကောင် သတ်ဖြတ်ခံ ရကြောင်း သစ်တောဦးစီးဌာနက သိရသည်။

ရန်ကုန်မြို့၊ မဟာဗနုလပန်းခြံတွင် ဆင်အရေခွံအတွက် သတ်ဖြတ်ခြင်းများကို ကမ်ပိန်းတစ်ခု ပြုလုပ်နေပြီး ယခု အရေခွံအတွက် ဆင်တစ်ကောင် ထပ်မံ သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required