ယီမင်နိုင်ငံ၏ငြိမ်းချမ်းရေးကို အီရန်တို့ဟန့်တားထားဟု ဆော်ဒီအာရေဗျစွပ်စွဲ

ယီမင်နိုင်ငံ၏ငြိမ်းချမ်းရေးကို အီရန်တို့ဟန့်တားထားဟု ဆော်ဒီအာရေဗျစွပ်စွဲ

 

ရီယက်ဒ်၊ ဆော်ဒီအာရေဗျ၊ အောက်တိုဘာ ၃၀ ။              ။ ယီမင်နိုင်ငံအတွင်းရှိ ငြိမ်းချမ်းရေးကြိုးပမ်းချက်များကို အီရန်တို့က ပိတ်ဆို့ဟန့်တားနေသည်ဟု ဆော်ဒီအာရေ ဗျအစိုးရက တနင်္ဂနွေနေ့၌ စွပ်စွဲပြောဆိုခဲ့ပြီး ယီမင်နိုင်ငံအတွင်းရှိ   ဆော်ဒီဦးဆောင်သောတပ်ဖွဲ့များနှင့် စစ်ပွဲ ဆင်နွှဲနေသည့် သူပုန်များကို ထောက်ပံ့နေသော ၎င်း၏နိုင်ငံရေးပြိုင်ဘက်ဖြစ်သည့် အီရန်အစိုးရအား ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့သည်။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒယ်လ်အယ်လ်ဂျူဘီယာက အီရန်အစိုးရသည် ယီမင်အတွင်းရှိ ရှီးအိုက်ဟွတ်သီ သူပုန်များကို လက်နက်မှောင်ခိုရောင်းချနေကြောင်း စွပ်စွပ်ခဲ့သည်။ ဟွတ်သီသူပုန်များသည် လက်ရှိအချိန်တွင် ယီမင်၏မြို့တော်ဖြစ်သော ဆာနာမြို့နှင့် ယီမင်မြောက်ပိုင်းဒေသကို ထိန်းချုပ်ထားလျက်ရှိသည်။

“ယီမင်နိုင်ငံရဲ့ပဋိပက္ခတွေကို ဖြေရှင်းပေးမယ့်နည်းလမ်းအားလုံးကို အီရန်အစိုးရကဖျက်ဆီးနေတာပါ။ သူတို့ရဲ့ လုပ်ရပ်ကြောင့် ယီမင်အစိုးရနဲ့ သူပုန်အဖွဲ့တွေကြားမှာရှိတဲ့ နိုင်ငံရေးအရ စေ့စပ်ညှိုနှိုင်းမှုတွေအားလုံး မအောင်မြင်ဘဲ ပျက်စီးသွားခဲ့ရပါတယ်” ဟု ဂျူဘီယာက ပြောခဲ့သည်။

ဂျူဘီယာသည် ယီမင်အတွင်းရှိ ဆော်ဒီဦးဆောင်သည့် ညွှန့်ပေါင်းအဖွဲ့၌ပါဝင်ကြသော အီဂျစ်၊ ဘာရိန်း နှင့် အာရပ်စော်ဘွားပြည်ထောင်စု အစရှိသည့်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ စစ်တပ်အကြီးအကဲများနှင့်အတူ ရီယက်ဒ်မြို့၌ပြုလုပ်သော အစည်းအဝေးပွဲ၌ ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကမ္ဘာပေါ်မှာရှိတဲ့ အကြမ်းဖက်ဝါဒမှန်သမျှကို ထောက်ပံ့ပေးနေတဲ့ အီရန်အစိုးရသာမရှိခဲ့ရင် ဒီသူပုန်အဖွဲ့ဟာ စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်မှာမဟုတ်တော့ပါဘူး” ဟု ဂျူဘီယာက ပြောခဲ့သည်။

အီရန်အစိုးရက ယီမင်သူပုန်များအပေါ် ၎င်းတို့၏ထောက်ပံ့ပေးနေမှုနှင့်ပက်သက်၍ လျှို့ဝှက်ထားခြင်းမရှိသော် လည်း ဟွတ်သီသူပုန်များကို လက်နက်များ မှောင်ခိုရောင်းချနေသည်ဆိုသော စွပ်စွဲချက်အား ငြင်းဆန်ခဲ့သည်။

ယီမင်နိုင်ငံခြားရေးဝန်ကြီး အက်ဘ်ဒူမာလစ်အယ်လ်မက်ခ်လာဖီက ဟွတ်သီသူပုန်များသည် အီရန်အစိုးရ၏ လှုံ့ဆော်မှုအတိုင်း ဂိုဏ်းဂဏစွဲလုပ်ငန်းများကို လုပ်ဆောင်နေပြီး ယီမင်၏တရားဝင်အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ ကြိုးစားနေကြောင်း ထိုအစည်းအဝေးပွဲ၌ ပြောဆိုခဲ့သည်။

သူပုန်များနှင့်တိုက်ခိုက်နေသည့် ယီမင်အစိုးရအားအကူအညီပေးရန် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ များ ယီမင်နိုင်ငံအတွင်းသို့ဝင်ရောက်လာသည့် ၂၀၁၅ ခုနှစ်မှစတင်ပြီး ယီမင်စစ်ပွဲကြောင့် သေဆုံးရသူ ၈၆၀၀ ကျော်အထိရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required