၂၀၂၇ အာရှဖလားကို အိမ်ရှင်အဖြစ် ဆော်ဒီအာရေးဗီးယား လက်ခံကျင်းပမည်၊ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ဖြစ်လာမှာလား

၂၀၂၇ အာရှဖလားကို အိမ်ရှင်အဖြစ် ဆော်ဒီအာရေးဗီးယား လက်ခံကျင်းပမည်၊ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ဖြစ်လာမှာလား

ဆော်ဒီအာရေးဗီးယားက ၂၀၂၇ အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပြီး ရေနံကြွယ်ဝတဲ့ နိုင်ငံဟာ သူ့ရဲ့ပုံရိပ်ကို မြှင့်တင်ဖို့ ကြိုးပမ်းမှုအနေနဲ့ အားကစားကို ငွေကြေး ကြီးကြီးမားမား အသုံးပြုနေတာဖြစ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လည်း ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

ပြိုင်ဘက် ကာတာနိုင်ငံဟာ အရှေ့အလယ်ပိုင်းမှာ ကမ္ဘာ့ဖလားကို ပထမဆုံး အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာ ၃ ကြိမ်တိုင်တိုင် ကမ်းလှမ်းမှု အောင်မြင်မှုရရှိခဲ့တဲ့ ဆော်ဒီဟာ ဘာရိန်းမှာ ကျင်းပတဲ့ အာရှဘောလုံးအဖွဲ့ချုပ်ကွန်ဂရက်မှာ သူတို့ရဲ့တစ်ဦးတည်းပြိုင်ဘက် အိန္ဒိယ နုတ်ထွက်သွားပြီးနောက် ကမ်းလှမ်းမှု အောင်မြင်ခဲ့တာပါ။

“ပြိုင်ပွဲတွေ သမိုင်းမှာ အကြီးကျယ်ဆုံး ပြိုင်ပွဲကို အိမ်ရှင်လုပ်ခွင့်ရဖို့ ကျနော်တို့ စိတ်လှုပ်ရှားနေပါတယ်”လို့ နိုင်ငံတော် အားကစား ဝန်ကြီး မင်းသား အဗ္ဗဒူလာဇစ် ဘင် တာကီ အယ်လ်-ဖိုင်ဆယ် (Abdulaziz bin Turki Al-Faisal)က ထုတ်ပြန်ကြေညာ အပြီးမှာ ပြောပါတယ်။

"နိုင်ငံတော်ဟာ ကျနော်တို့ရှေ့မှောက်မှာ အသွင်ကူးပြောင်းနေပြီး ၂၀၂၇ မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကျနော်တို့ စိတ်လှုပ်ရှားစွာဖြင့် ပြည့်နှက်နေပါတယ်။"

ကမ္ဘာ့အကြီးဆုံးရေနံတင်ပို့တဲ့ နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပူးတွဲကမ်းလှမ်းမှုတစ်ခုနဲ့ ပတ်သက်လို့ အီဂျစ်၊ ဂရိတို့နဲ့ ဆွေးနွေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ယမန်နှစ်က ပြောပါတယ်။

ကွန်ဆာဗေးတစ်နိုင်ငံဟာ အယ်လ်နာဆာကလပ်ရဲ့ စီရော်နယ်လ်ဒိုကို ခေါ်ယူမှု၊ ဂျဒ်ဒါမှာ ဖော်မြူလာဝမ်းနဲ့ ဂေါက်သီးခြားထားတဲ့ LIV ဖျော်ဖြေရေး ပြိုင်ပွဲတွေ အပါအဝင် သဘောတူညီချက်စာချုပ်တွေမှာ ဒေါ်လာသန်းရာနဲ့ချီ သုံးစွဲခဲ့ပါတယ်။

ပင်လယ်ကွေ့ဘုရင်စနစ်နိုင်ငံဟာ သူတို့လူ့အခွင့်အရေးမှတ်တမ်းအပေါ် ဝေဖန်မှုများကို ကာရံဖို့ အားကစားကို အသုံးပြုပြီး "sportswashing"လုပ်တယ်လို့ မကြာခဏ စွပ်စွဲခံရလေ့ရှိပါတယ်။ ဗုဒ္ဓဟူးနေ့က Reprieve နဲ့ ဥရောပလူ့အခွင့်အရေးဆိုင်ရာ ဆော်ဒီအဖွဲ့ရဲ့ အစီရင်ခံစာမှာ ကွပ်မျက်မှုဟာ လက်ရှိခေါင်းဆောင်မှုအောက် မြင့်တက်လာတယ်လို့ ဆိုပါတယ်။

 မင်းသား အဗ္ဗဒူလာဇစ်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကမ်းလှမ်းမှုမှာ ပြိုင်ဆိုင်မှု မရှိဘူးလို့ AFC ကွန်ဂရက်မှာ AFP ကို အလေးပေး ပြောခဲ့ပေမယ့် "အားလုံး ဖြစ်နိုင်ပါတယ်"လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

"ခင်ဗျာတို့ တွေ့မြင်ရတဲ့အတိုင်း၊ ဆော်ဒီအာရေးဗီးယားမှာ ပွဲတွေကို လက်ခံကျင်းပတာဟာ ကြီးမားပါတယ်။ ပြီးတော့ ဒါဟာ ကျနော်တို့ရဲ့ ၂၀၃၀ မျှော်မှန်းချက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်"လို့ ရေနံအပေါ်မှီခိုနေတဲ့ စီးပွားရေးကို ခေတ်မီစေဖို့ Vision 2030 ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ရည်ညွှန်းပြီသူက ပြောပါတယ်။

"ကျနော်တို့ရဲ့ မျှော်မှန်းချက်နဲ့ ကျနော်တို့မှာရှိနေတဲ့ နည်းဗျူဟာအတွက် ဖြစ်နိုင်ချေရှိတဲ့ ဘယ်အရာမဆို ကျနော်တို့ အကောင်အထည်ဖော်ဖို့ သေချာပေါက် ကြိုးစားမှာပါ။"

သူက "အာရှဖလားရဲ့ လိုအပ်ချက်တွေ ပြည့်မီဖို့အတွက် အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ ကျန်နေသေးတာကြောင့် အခု ကျနော်တို့ ၂၀၂၇ ကို အာရုံစိုက်နေပါတယ်။ အဲဒါပြီးရင် ဘာတွေဖြစ်လာမလဲဆိုတာကို မြင်ရဖို့  ကျနော်တို့ မျှော်လင့်ပါတယ်။"

အာရှဖလားဟာ ၂၀၃၄ အာရှအားကစားပြိုင်ပွဲနဲ့ ၂၀၂၉ အာရှဆောင်းရာသီအားကစားပြိုင်ပွဲတွေအပါအဝင် ဆော်ဒီအာရေးဗီးယားရဲ့ အဓိကပွဲတွေကို ပေါင်းထည့်ထားပါတယ်။ ဆော်ဒီဟာ ၂၀၂၆ အမျိုးသမီး အာရှဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့လည်း ကမ်းလှမ်းထားပါတယ်။

ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုက “ဆော်ဒီအာရေးဗီးယားက အံ့ဖွယ်ကောင်းတဲ့ အာရှဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ သေချာပါတယ်”လို့ မနာမာကွန်ဂရက်မှာ ပြောကြားခဲ့ပါတယ်။

Covid အကျပ်အတည်းကြောင့် တရုတ်နုတ်ထွက်ပြီးနောက် ချန်ပီယံ ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၃ အာရှဖလားပြိုင်ပွဲအတွက် နေ့ရက်ကို မကြေညာခဲ့ပါဘူး။

ဒါပေမယ့် လေးနှစ်သက်တမ်းအတွက် ကန့်ကွက်မှုမရှိဘဲ ရွေးကောက်တင်မြှောက်ခံရတဲ့ AFC ဥက္ကဋ္ဌ  ရှိတ်ခ်ဆယ်လ်မန် ဘင်အီဗရာဟင် အယ်ခါလီဖာက ၂၀၂၃ အာရှဖလားဟာ ၂၀၂၄ ဇန်နဝါရီလမှာ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly