မောင်တော၌ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ကွင်းဆင်းလုပ်ဆောင်လျှက်ရှိ

မောင်တော၌ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ကွင်းဆင်းလုပ်ဆောင်လျှက်ရှိ

 

ရန်ကုန် ၊ အောက်တိုဘာ ၂၈ ။             ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၌ နိုင်ငံသား စိစစ်ရေးလုပ်ငန်းနှင့် နိုင်ငံသားစိစစ်ခံရမည့်သူများ၏ သက်သေခံကတ်ပြား ထုတ်ပေးရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန မှ ကွင်းဆင်းလုပ်ဆောင်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စုတွင် အောက်တိုဘာ ၁၂ ရက်နေ့က စပြီး နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးနေခြင်းဖြစ်ကာ နိုင်ငံသား စိစစ်ခံရမည့်သူများ၏ သက်သေခံ ကတ်ပြား ထုတ်ပေးပြီးသူမှာ အမျိုးသား (၉၁) ဦး၊ အမျိုးသမီး(၂၉) ဦး စုစုပေါင်း ၁၂၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းများသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များအနက် ဦးစားပေးလုပ်ငန်းလည်း ဖြစ်သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးခြင်းများကို ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်သူများကို အသိအမှတ်ပြုပြီး   နိုင်ငံသားအခွင့်အရေးရရှိစေရန် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲထားသည်ဟု သိရသည်။

ထိုသို့ ပြုလုပ်ပေးနေခြင်းကို ယခင်က ပြုလုပ်ပေးခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်း ဆောင်ရွက်မှု နှောင့်နှေးကြန့်ကြာမှုများ ရှိနေပြီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ   ဖြစ်ပွားခဲ့သည့် နောက်ပိုင်း ပြန်လည်ပြုလုပ်ပေးနေခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required