လိမ်လည်လက်ထပ်မှုတိုင်ကြားရာတွင် ငွေကြေးရယူခဲ့သော ဥပဒေအရာရှိကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်

လိမ်လည်လက်ထပ်မှုတိုင်ကြားရာတွင် ငွေကြေးရယူခဲ့သော ဥပဒေအရာရှိကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်

မကွေး၊ အောက်တိုဘာ ၂၇ ။             ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ဥပဒေအရာရှိ ဦးလှဦး (ယခု ဥပဒေအရာရှိ၊ အဆင့်-၃ ၊ ကရင်ပြည်နယ် ဥပဒေချုပ်ရုံး)အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်မှ ထောင်ဒဏ် ၁၀နှစ်တိတိ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း တိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်းက ယနေ့ အောက်တိုဘာ၂၇ ရက်နေ့တွင် မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။

ဖြစ်စဉ်မှာ ၂၀၁၆ခုနှစ် နိဝင်ဘာလအတွင်းက ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာအုပ်စု သဖန်းတန်းကျေးရွာ မူလတန်းပြဆရာမတစ်ဦးဖြစ်သူ ဒေါ်ခင်နှင်းယုက ၎င်းအား ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာနေ တိုးနိင်(ခ) မောင်မောင်လွင်ဆိုသူက ဝန်ထမ်းအယောင်ဆောင် လိမ်လည်လက်ထပ်ယူခဲ့ခြင်းအတွက် အမှုဖွင့် တိုင်တန်း ခဲ့ရာ ပွင့်ဖြူမြို့နယ် ဥပဒေရုံးဥပဒေအရာရှိ ဦးလှဦးက သိန်းဂဏန်းအထိ   တောင်းခံသဖြင့် ဆရာမက အမှုကိစ္စနှင့် ပတ်သက်၍ ငွေကျပ်တစ်သိန်းအား နှစ်ကြိမ်ခွဲပေးရခြင်းအား အရေးယူပေးပါရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုင်ကြားခဲ့ရာမှ တိုင်းအစိုးရမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ ပွင့်ဖြူမြို့နယ် ဥပဒေအရာရှိ ဦးလှဦး(ယခု ဥပဒေအရာရှိ၊ အဆင့်-၃၊ ကရင်ပြည်နယ် ဥပဒေချုပ်ရုံး)သည် ပွင့်ဖြူမြို့နယ် ဥပဒေရုံး၏ တာဝန်ခံဥပဒေအရာရှိအဖြစ် တာဝန်ထမ်းဆောင်စဉ် ၎င်း၏ရုံးခန်း၌ အမှုသည်နှင့်လက်ခံ တွေ့ဆုံ၍ ငွေကြေးတောင်းခံရယူ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်းသိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇော်ဝင်းက ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် တရားလိုပြုလုပ်တိုင်ကြားခဲ့၍ ပွင့်ဖြူမြို့နယ် မြို့မရဲစခန်းက ဦးလှဦးအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ၅၆၊ရာဇဝတ်မှုကြီးမှု နံပါတ် ၁/၂၀၁၇ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်ပြီး မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ဇူလိုင် ၂၈ ရက်က တရားစွဲဆိုအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး(၁) ဦးမြင့်သိန်းက အောက်တိုဘာလ ၂၅ ရက်နေ့တွင် အဂတိလိုက်စားခဲ့သော ဥပဒေအရာရှိ ဦးလှဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ  ထောင်ဒဏ် (၁၀)နှစ်တိတိ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required