ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် ၅ လွှာ ရေမော်တာခန်းမှစလောင်ဟု ပြည်ထဲရေးထုတ်ပြန်

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် ၅ လွှာ ရေမော်တာခန်းမှစလောင်ဟု ပြည်ထဲရေးထုတ်ပြန်
ဓာတ်ပုံ - သက်ကို

 

ရန်ကုန်၊ အောက်တိုဘာ ၂၀ ။                ။ မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်၊ ကန်ရိပ်သာလမ်းနှင့်အထက်ပန်းဆိုးတန်းလမ်းထောင့်ရှိ ကန်တော်ကြီးပဲ့လေ့စ် ဟိုတယ်(၅)လွှာ (ဘီ)ဆိုဒ်ရှိ ရေမော်တာခန်းမှ မီးခိုးများအူထွက်ပြီး စတင် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးမှ ယနေ့ ထုတ်ပြန်သည်။

အဆိုပါ မီးလောင်မှုတွင်  လူ ၂ ဦး သေဆုံးခဲ့ပြီး ဂျပန်နိုင်ငံသားတစ်ဦးနှင့် ရုပ်ခွဲခြားမရသည့် အလောင်း တစ်လောင်း တွေ့ရှိခဲ့ကာ အမျိုးသမီးဟု ယူဆရ၍ စစ်ဆေးနေကြောင်း ပါရှိသည်။

ယမန်နေ့က (၅)လွှာ အခန်းအမှတ်(၄၂၃)ရှေ့ ကော်ရစ်တာတွင် ကျား(၁)ဦး မီးလောင်သေဆုံးနေ သည်ကို တွေ့ရှိရ၍စိစစ်ရာ ဂျပန်နိုင်ငံသား Mr.Masatumi Tomita၊ (၅၃)နှစ်၊ (ပတ်စ်ပို့နံပါတ် TR-4138084) ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

အဆိုပါနေ့ ၁၄၃၀ အချိန် ဟိုတယ်(၅)လွှာ အနောက်ဘက်ဝရံတာမှ လူရုပ်မပီပြင်တော့သည့် လူသေအလောင်း (၁)လောင်းထပ်မံတွေ့ရှိခဲ့ပြီး အခန်းအမှတ်(၅၂၇)တွင် ဗြိတိန်နိုင်ငံသား Mr.John Travs နှင့်ဇနီး ထိုင်းနိုင်ငံသူ Mrs.Hansa Khomsai တို့တည်းခိုခဲ့သောကြောင့် စီစစ်ရာ Mrs.Hansa Khomsai မှာ ပျောက်ဆုံးလျက်ရှိ ကြောင်းတွေ့ရှိခဲ့သဖြင့် မီးလောင်သေဆုံး နေသည့်အလောင်းမှာ Mrs.Hansa Khomsai ဟုတ်/မဟုတ် စိစစ် အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဒဏ်ရာရရှိသူ မကာအိုနိုင်ငံသူ Ms.Leong Chanuအား ရန်ကုန်ပြည်သူ့ ဆေးရုံမှတစ်ဆင့် ကမာရွတ်မြို့နယ် Grand Hantha International ဆေးရုံသို့လွှဲပြောင်းကုသမှုခံယူလျက်ရှိပြီး မီးလောင်မှုတွင် တည်းခိုနေသူ နိုင်ငံခြားသားများကို ကျေနပ်သည် အထိ စီစဉ်ဆောင်ရွက်ပေးရန် ဟိုတယ်ပိုင်ရှင် ဦးတေဇက မှာကြားထားသည်ဟု ထူးကုမ္မဏီများအုပ်စု ဥက္ကဋ္ဌရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးဌေးလွင်က ပြောထားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ကုသမှုခံယူနေသည့် ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်းတွင် ဦးနှောက် အမြှေးအောက်သွေးခဲ၊ ဦးနှောက်အသားထဲသွေးယိုစိမ့်၊ ဝဲနားထင်ရိုး ကျိုးဒဏ်ရာများ ရရှိခဲ့သဖြင့် ခွဲစိပ်ထားရှိပြီး လက်ရှိအခြေအနေအရ မျက်စိဖွင့်မရ၊ လေပြွန်ဖောက်ထား၊ ခြေ/လက် အနည်းငယ် လှုပ်နိုင် (စိုးရိမ်ရ) သဖြင့် ဦးနှောက်နှင့်အာရုံကြောကုသဌာနအထူးကြပ်မတ်ကုသခန်း၌ ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ယမန်နေ့က မီးလောင်မှုအတွက် ထူးကုမ္ပဏီဘက်မှ အကြောင်းအရင်းပြောကြားခဲ့ခြင်းမရှိသေးဘဲ မီးလောင်မှု ဖြစ်ပွားပြီး ၄၈ နာရီအတွင်း ပြည်ထဲရေးမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုအတွက် ဟိုတယ်၏ မန်နေဂျာ သီဟ၊ (၄၁)နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးစိုးရင်၊ (၂)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူ(ဖမ်းမိ)အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၅၈၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၈၅ (ပေါ့လျော့မှုကြောင့်လူသေမှု/ပြင်းထန်နာကျင်မှု/မီးလောင်မှု)ဖြင့် စစ်ဆေးလျက်ရှိပြီး ဆုံးရှုံးမှုတန်ဖိုး(စိစစ်ဆဲ) ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required