အသက် ၁၂အရွယ် သားဖြစ်သူကဖခင်ကို ကိုင်းခုတ်ဓါးဖြင့် ခုတ်သတ်

အသက် ၁၂အရွယ် သားဖြစ်သူကဖခင်ကို ကိုင်းခုတ်ဓါးဖြင့် ခုတ်သတ်

အောက်တိုဘာ ၁၄ ။                          ။ မကွေးတိုင်းဒေကြီး သရက်ခရိုင် အထက်မင်းလှမြို့နယ် စမ်းအိုင်ကျေးရွာတွင် အသက်၁၂အရွယ် သားဖြစ်သူက ကိုင်းခုတ်ဓါးဖြင့် ဖခင်ဖြစ်သူအား   ဒေါသအလျောက်ခုတ်သဖြင့် ဖခင်ဖြစ်သူ ဒဏ်ရာရရှိ သေဆုံးခဲ့သည်။ အောက်တိုဘာလ ၁၃ရက် နေ့လည် ၁၂နာရီအချိန်ခန့်တွင် အခင်းဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

ဖခင်ဖြစ်သူဦးသောင်းနိုင်သည် နေ့စဉ်အရက်သောက်စားပြီး မိသားစုအား ကြိမ်းမောင်းရိုက်နှက်လေ့ရှိပြီး အခင်းဖြစ်သည့်နေ့တွင်လည်းအရက်မူးကာ ကြိမ်းမောင်း လိုက်လံရိုက်နှက်ခဲ့သဖြင့် အသင့်ပါလာသော ကိုင်းခုတ်ဓါးဖြင့် ရုတ်တရက် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သားဖြစ်သူက မိခင်ဖြစ်သူအား ပြောပြခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖေါ်ပြထားသည်။

မိခင်ဖြစ်သူဒေါ်လှညိမ်းက တရားလိုပြုလုပ်ကာ သားဖြစ်သူ ကို ဥပဒေအရ အရေးယူပေးရန် မင်းလှမြို့မရဲစခန်းသို့ တိုင်တန်းခဲ့ခြင်းဖြစ်သည်။

“သိရတဲ့ အကြောင်းအရင်းက အသတ်ခံရသူက မိသားစုအပေါ် အမြဲတန်း မူးယစ်နေပြီး အမြဲနှိပ်စက် နေတယ်လို့ အသတ်ခံရတဲ့သူရဲ့ အမျိုးသမီး နဲ့ ရပ်ထဲရွာထဲမှာ ရှိတဲ့လူတွေက ပြောတယ်။အခုလည်း သတ်ရတဲ့ အကြောင်းက ကလေးကို မူးလာပြီး ရိုက်တာလို့ ပြောတယ်ဗျ၊ရိုက်တဲ့ အချိန်မှာ ကလေးက မခံနိင်လွန်းလို့ ခုတ်လိုက်တာဗျ။ဒါလတ်တလော မေးမြန်းချက်အရ သိရပါတယ်”ဟု မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ထင်အောင်လင်းက မဇ္ဈိမသို့ပြောသည်။

ဖခင်ဖြစ်သူအား ဒေါသအလျောက် ဓါးဖြင့်ခုတ်သည်ဟု ယူဆရသူ အား (ပ)အမှတ်(ပ)၂၂၇/၂၀၁၇|ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly