မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အားလုံးလက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း ဘာသာပေါင်းစုံ ခေါင်းဆောင်များ တိုက်တွန်း

မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အားလုံးလက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း ဘာသာပေါင်းစုံ ခေါင်းဆောင်များ တိုက်တွန်း
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ အောက်တိုဘာ ၁၀ ။          ။ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် လက်တွဲဆောင်ရွက်ရန်လိုအပ်ကြောင်း ဘာသာရေးခေါင်းဆောင်များက ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်သည့် “ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ “တွင် တိုက်တွန်းသွားခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ကာ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောစေဖို့ ရည်ရွယ်ပြီး “ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ “ ကို အောက်တိုဘာ ၁၀ရက် ညနေပိုင်းကပြုလုပ်ခဲ့သည်။

“ ကျွန်တော်များ အစ္စလာမ်ဘာသာဝင်များအနေနဲ့လည်း မြန်မာနိုင်ငံကြီးဖွံဖြိုးတိုးတတ်ပြီး ကမ္ဘာ့နိုင်ငံများအလယ်မှာ ခန့်ငြားထည်ဝါစွာ ရပ်တည်နိုင်ရေးနဲ့ နိုင်ငံခေါင်းဆောင်ကြီးများလည်း နိုင်ငံတကာမှာ မျက်နှာပန်းပွင့် ဂုဏ်ရှိန်မြင့်တာကို နှလုံးသည်းပွတ်ထဲကလိုလားကြောင်း သစ္စာစကားဒီနေရာကနေကျွန်တော်ဆိုပါတယ် ”ဟု အစ္စလာမ်ဘာသာရေးခေါင်းဆောင် အလာဟာဂျ် မော်ဝ်လာနာမုတ်သီအလီက ပြောသည်။

ရခိုင်အရေးကြောင့် နိုင်ငံတကာမှ မြန်မာနိုင်ငံအားအထူးစိတ်ဝင်စားနေကြပြီး တချိန်က ဒေါ်အောင်ဆန်းစုကြည်အား ကူညီထောက်ပံ့ပေး ခဲ့သည့် ပြည်ပမိတ်ဆွေများသည် ရခိုင်ကိစ္စကြောင့် စိတ်ပျက်နေကြကာ ဝိုင်းဝန်းလက်ညိုးထိုးအမိန့်ပေးနေကြကြောင်း ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်၊ မြန်မာနိုင်ငံကတ်သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီးများအဖွဲ့ချုပ်၊ ရန်ကုန်ကတ်သလစ် ဂိုဏ်းချုပ်သာသနာ ရဟန်းအမတ် ကာဒီနယ်ချားလ်စ်မောင်ဘို က ပြောသည်။“ ဆရာကြီးလုပ်နေကြတယ် “ ၎င်းကဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် အချင်းချင်းစည်းလုံးညီညွှတ်နေကြရန်လိုအပ်ကြောင်း ရန်ကုန်ကတ်သလစ် ဂိုဏ်းချုပ်သာသနာ ရဟန်းအမတ်က ဆိုသည်။

အဆိုပါ နိုင်ငံတကာဖိအားများဖြင့် ပက်သက်၍ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ မြန်မာနိုင်ငံရဲ့အခြေအနေအရပ်ရပ်ကို ကမ္ကာကြီးကနားလည်နိုင်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ဖွံဖြိုးတိုးတတ်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ် “ နောက်ဆုံးပိတ် ဆုတောင်းမေတ္တာစကားပြောကြားခဲ့သည်။

ဘာသာပေါင်းစုံဆုတောင်းပွဲတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ မဟာယာနဗုဒ္ဓဘာသာ တို့မှ ဘာသာရေး ခေါင်းဆောင် များက သက်ဆိုင်ရာဘာသာများ၏ တရားတော်တွေနှင့်အညီ မေတ္တာစကားပြောကြားခြင်းနှင့် ဆုတောင်းခြင်းခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

“ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ “ ကို အာဏာရပါတီဖြစ်သည့် NLD မှ ပထမဆုံးအကြိမ်ကျင်းပခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာဘာသာပေါင်းစုံမှ လူပေါင်း သောင်းချီတတ်ရောက်ခဲ့ကာ ဖယောင်းတိုင်မီထွန်းညှိဆုတောင်းခြင်းများလည်းပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly