အမေရိကန်အပေါ် စစ်တိုက်အောင်ပွဲခံနိုင်ရေး မြောက်ကိုရီးယား ဆော်သြ

အမေရိကန်အပေါ် စစ်တိုက်အောင်ပွဲခံနိုင်ရေး မြောက်ကိုရီးယား ဆော်သြ

ပြုံယမ်း၊ အောက်တိုဘာ ၁၀ ။          ။ အမေရိကန်အပေါ် စစ်တိုက်ပွဲဝင်နိုင်ရေးကို ခပ်သွက်သွက် အကောင်အထည်ဖော်ကာ အောင်ပွဲခံနိုင်ရေး မြောက်ကိုရီးုယားက တိုက်တွန်းဆော်သြထားသည်ကို အာဏာရ အလုပ်သမားပါတီ တည်ထောင်ခြင်း ၇၂ နှစ်မြောက်တွင် ထုတ်ဝေသည့် နိုင်ငံ၏ အဓိကအထူးသတင်းစာ အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။

Rodong Sinmun သတင်းစာ အယ်ဒီတာ့အာဘော်တွင် မြောက်ကိုရီးယားအစိုးရက နိုင်ငံ၏ Juche အတွေးအခေါ်၏ ဂုဏ်သိက္ခာနှင့် လွတ်လပ်ရေးတို့ကို မြှင့်တင်ထိန်းသိမ်းရန်နှင့် စစ်တပ်အနေဖြင့်လည်း အောင်ပွဲခံနိုင်ရေး အာမခံကျိန်းသေရှိရန်တို့ကို နှိုးဆော်တိုက်တွန်းထားသည်။

Juche အတွေးအခေါ်သည် ကင်အီဆွန်း ချမှတ်ခဲ့သော ဝါဒရေးရာဖြစ်ကာ တော်လှန်ရေးနှင့် နိုင်ငံတော် တည်ထောင်ရေး ခေါင်းဆောင်များသည် ပြည်သူလူထုအများစုကို ကိုယ်စားပြုသူများဖြစ်ပြီး နိုင်ငံတော်အား ဦးဆောင်လမ်းပြနိုင်သူများ ဖြစ်သည်ဟု ချမှတ်ကျင့်သုံးသည့် ဝါဒရေးရာဖြစ်သည်။

မကြာသေးမီ အချိန်များအတွင်းက ပြုံယမ်းနှင့် ဝါရှင်တန်ကြား မကြုံဖူးအောင် ဖြစ်ခဲ့သည့် တင်းမာမှုများကို ရည်ညွှန်းလျက် အဆိုပါ အာဘော်က ရေးသားတိုက်တွန်းထားခြင်းဖြစ်ကာ ယခုနှစ်အတွင်း နိုင်ငံ၏ နျူကလီးယား စမ်းသပ်မှုနှင့် ဒုံးကျည်စမ်းသပ်မှုများကြောင့် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းကိုလည်း မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ရင်ဆိုင်ကျော်လွှားသွားရေးကို တိုက်တွန်းဆော်သြထားသည်။

အလုပ်သမားပါတီ တည်ထောင်ခြင်း နှစ်ပတ်လည်နေ့သည် မြောက်ကိုရီးယားနိုင်ငံအတွက် အဓိကအထူးနှစ်ပတ်လည် ရုံးပိတ်ရက်များ လေးရက်အနက် တစ်ခုသော နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။ ကျန်အထူးနှစ်ပတ်လည်ရုံးပိတ်ရက်များမှာ ကင်ဂျုံးအွန်၏ ဖခင် ကင်ဂျုံးအီ၏ မွေးနေ့ ဖေဖော်ဝါရီ ၁၆ ရက်နှင့် အဘိုးဖြစ်သူ ကင်အီဆွန်း မွေးနေ့ ဧပြီ ၁၅ ရက်တို့သည်လည်း အစိုးရရုံးပတ်ရက် နှစ်ပတ်လည်အထူးနေ့များ ဖြစ်သကဲ့သို့ အမျိုးသားထူထောင်ရေးနေ့ စက်တင်ဘာ ၉ ရက်နေ့လည်း အပါအဝင်ဖြစ်သည်။

အောက်တိုဘာ ၈ ရက်တွင် ကျရောက်သော နိုင်ငံ၏ တစ်ခုတည်းသော ပါတီ၏ နှစ်ပတ်လည်အထိမ်းအမှတ် မျက်နှာစုံညီအစည်းအဝေးတွင် ရာထူးသစ်ခန့်အပ်မှုများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ရာထူးသစ်ခန့်အပ်မှုများတွင် ခေါင်းဆောင် ကင်ဂျုံးအွန်၏ ညီမဖြစ်သူ ကင်ယိုဂျုံးကို ပါတီ ပေါလစ်ဗျူရိုတည်မြဲကော်မတီ၏ အဖွ့ဲဝင်သစ်အဖြစ် ခန့်အပ်ခြင်းလည်း ပါဝင်သည်။

အသက် ၃၀ ဝန်းကျင်သာ ရှိဦးမည့် ကင်ယိုဂျုံးကို ယခုရာထူးခန့်အပ်ခြင်းသည် ကင်မျိုးဆက် အုပ်ချုပ်မှု အရိုက်အရာဆက်ခံရေး စီမံချက်ကို ခိုင်မာအောင် လုပ်ဆောင်ခြင်းအဖြစ် သုတေသီများက ကောက်ချက်ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required