သန်လျင်တံတားကျိုးနိုင်ကြောင်းသတင်း မဟုတ်မှန်ဘဲ လမ်းပြင်နေခြင်းသာဖြစ်

သန်လျင်တံတားကျိုးနိုင်ကြောင်းသတင်း မဟုတ်မှန်ဘဲ လမ်းပြင်နေခြင်းသာဖြစ်
 သန်လျင်တံတားဘက်ခြမ်းမှ ရန်ကုန်မြို့အား တွေ့ရစေဉ်။ 
 

 

ရန်ကုန်၊အောက်တိုဘာ ၅ ။                           ။ သန်လျင်တံတားကျိုးနိုင်ကြောင်း သတင်းပြန့်နေသလို မဟုတ်ဘဲ လမ်းပြင်နေခြင်း သာရှိကြောင်း သန်လျင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောသည်။

သန်လျင်တံတား အချိန်မရွေး ကျိုးကျနိုင်သည်ဆိုသော သတင်းတစ်ရပ်မှာ လူမှုကွန်ရက်မီဒီယာဖြစ်သည့် ဖေ့စ်ဘွတ်ပေါ်၌ ပျံ့နှံ့နေခြင်းဖြစ်သည်။

"အရင် ကျွန်တော်တို့ လေလံပေးတယ်လေ။ ကုမ္ပဏီကနေပြီးတော့မှ ဒါနဲ့ပတ်သတ်ပြီးလုပ်တယ် ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဇွဲ့အနေနဲ့ ဝန်ကြီးချုပ်က တံတား ၉ စင်းနဲ့ပတ်သက်ပြီးတော့ ဌာနဆိုင်ရာ ပြန်လွဲယူပြီးမှ လမ်းဦးစီးဌာနကနေပြီးတော့မှ ဒါကိုစီမံခန့်ခွဲနေတယ်လို့သိရတယ် အဲဒါတော့သိတယ်ဗျ"ဟု သန်လျင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောသည်။

သန်လျင်မြို့နယ်နှင့်ပတ်သတ်၍ ကုမ္ပဏီမှ လမ်းမပြင်ခဲ့သည်ကို အစိုးရအဖွဲ့ဘက်မှ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြပြီး လမ်းပြင်သည့်လုပ်ငန်းများကို လုပ်ကိုင်ရာ အချိန်ကြန့်ကြာနေသည့်အပေါ် သန်လျင်တွင် နေထိုင်သူများ လာရောက်တိုင်ကြားခဲ့ကြပြီး သန်လျင်တံတားနှင့်ပတ်သတ်၍ ပြောဆိုမှုများ မရှိကြောင်း သန်လျင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောသည်။

သန်လျင်တံတားပေါ်တွင် သတ်မှတ်အလေးချိန်ထက် တန်ချိန်ပိုတင်ဆောင်လာသည့် ကားများပါ ဖြတ်သန်းသွားလာလျက်ရှိသည့်အတွက် ကျိုးကျနိုင်သည့်အန္တရာယ်ရှိကြောင်း ၂၀၁၆ခုနှစ်တွင် သတင်းတစ်ရပ်၌ ဖော်ပြထားခြင်းဖြစ်ကာ ယင်းသတင်းအား ယခုရက်ပိုင်းအတွင်းတွင် လူမှုကွန်ရက် မီဒီယာဖြစ်သည့် ဖေ့စ်ဘွတ်စာမျက်နှာများပေါ်၌ ပြန်လည်ဖြန့်ဝေနေကြခြင်းဖြစ်သည်။

သန်လျင်တံတားကို ၁၉၉၃ ခုနှစ်၌ တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး သန်လျင်ချဉ်းကပ်လမ်းနှင့် ကျိုက်ခေါက် ဘုရားလမ်းတို့ကို ပဲခူးမြစ်ပေါ်မှ ဖြတ်သန်းချိတ်ဆက်ပေးထားသော သန်လျင်တံတားသည် လက်ရှိအချိန်တွင် နှစ်ပေါင်း ၂၄နှစ်သက်တမ်းရှိပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required