စတိတ်စင်ပေါ်၌ မတော်တဆဒဏ်ရာရရှိခဲ့မှုကြောင့် ဖျော်ဖြေပွဲ ၉ခုကို မာရီလင်မန်ဆန်ရက်ရွှေ့ဆိုင်း

စတိတ်စင်ပေါ်၌ မတော်တဆဒဏ်ရာရရှိခဲ့မှုကြောင့် ဖျော်ဖြေပွဲ ၉ခုကို မာရီလင်မန်ဆန်ရက်ရွှေ့ဆိုင်း

အမေရိကန်အဆိုတော် မာရီလင်မန်ဆန်သည် “Heaven Upside Down” ဟူသောခေါင်းစဉ်ဖြင့် နယ်လှည့် ဖျော်ဖြေပွဲများ ပြုလုပ်လျက်ရှိနေသော်လည်း ပြီးခဲ့သောစနေနေ့က နယူးယောက်မြို့၌ ရှိုးပွဲကျင်းပနေစဉ်အတွင်း စတိတ်စင်ပေါ်၌ မတော်တဆဒဏ်ရာရရှိခဲ့သည့်အတွက် စီစဉ်ထားသော ဖျော်ဖြေပွဲ ၉ ခုကို ရက်ရွှေ့ဆိုင်းခဲ့ သည်။

ကိုယ်စားလှယ်များက မာရီလင်မန်ဆန်သည် လော့စ်အိန်ဂျယ်လိစ်ရှိ သူ၏နေအိမ်၌အနားယူကာ ပြန်လည်အား ဖြည့်လျက်ရှိနေကြောင်း ပြောဆိုခဲ့သော်လည်း သူ၏ဒဏ်ရာအခြေအနေကို အသေးစိတ်ပြောဆိုဖို့ ငြင်းဆန်ခဲ့ကြ သည်။

ရက်ရွှေ့ဆိုင်းလိုက်သည့် ရှိုးပွဲများမှာ ဘော်စတွန်၊ ချီကာဂို၊ တိုရန်တိုနှင့် ဟော့စတွန်တို့ကဲ့သို့သော မြို့ကြီးများ၌ ဖျော်ဖြေရန်စီစဉ်ထားသောပွဲများ ဖြစ်ကြပြီး လာမည့်အောက်တိုဘာလ ၁၅ရက်နေ့ ရောက်မှ တက္ကဆက်ပြည် နယ် ဂရန်းပရေရီမြို့၌ ရှိုးပွဲများကို ပြန်လည် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

မာရီလင်မန်ဆန်သည် နယူးယောက်မြို့ရှိ ဟန်မာစတိန်းကပွဲခန်းမ၌ Eurythmics ဂီတအဖွဲ့၏ သီချင်းဖြစ်သော Sweet Dreams ကို သီဆိုဖျော်ဖြေနေစဉ်၌ စတိတ်စင်ပေါ်၌ အလှဆင်ထားသော ပစ္စတိုသေနတ်ကြီးနှစ်ခုပေါ် သို့ တက်ရန်ကြိုးပမ်းခဲ့သည်။ သို့သော်လည်း သူသည် ချော်ကျသွားခဲ့ပြီး စတိတ်စင်ပေါ်မှ အလှဆင်ထားသော ကရိယာတစ်ခု သူ၏အပေါ်သို့ ပြုတ်ကျသွားခဲ့သောကြောင့် ဒဏ်ရာရရှိသွားခဲ့သည်။

သူ၏တီးဝိုင်းအဖွဲ့သားများမှာ သူဒဏ်ရာရရှိသွားသည်ကို မသိရှိသေးသောကြောင့် ဆက်လက် တီးခတ်နေကြ သော်လည်း အချိန်အနည်းငယ်အကြာတွင် မာရီလင်ပြန်ထလာခြင်း မရှိသောကြောင့် တီးခတ်မှုကိုရပ်တန့်ခဲ့ကြ သည်။ ထို့နောက်တွင် ပွဲကြေညာသူက မာရီလင်၏ ဒဏ်ရာကြောင့် ရှိုးပွဲကိုအဆုံးသတ်လိုက်ရပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required