မြောက်ကိုရီးယားအရေး ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်သို့ ရောက်ရှိလာ

By AFP
30 September 2017
မြောက်ကိုရီးယားအရေး ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်သို့ ရောက်ရှိလာ

 

စက်တင်ဘာ ၃၀ ။             ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်ဟာ လက်တလောမှာ တရုတ်နိုင်ငံမှာ ရောက်ရှိနေလျက်ရှိပြီး စက်တင်ဘာ ၃၀ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

တီလာဆန်ရဲ့ ယခုတရုတ်ခရီးစဉ်အတွင်းမှာတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားရည်မှန်းချက်တွေကို ထိန်းချုပ်ကန့်သတ်နိုင်မယ့် နည်းလမ်းတွေရှာဖွေရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှာဖြစ်သလို သမ္မတထရမ့်ရဲ့ နိုဝင်ဘာ အာရှခရီးစဉ်အတွက် အကြိုပြင်ဆင်မှုအနေနဲ့ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

တီလာဆန်ကို ထျန်အန်းမန် ရင်ပြင် ပြည်သူ့ဧည့်ခန်းမဆောင်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက လက်ခံကြိုဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန်ရဲ့ ယခုတရုတ်ခရီးစဉ်ကို ကြည့်ခြင်းအားဖြင့် စူပါ ပါဝါအင်အားကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာနေမှုကို   ဖော်ညွှန်းနေလျက်ရှိပါတယ်။ ဒီမတိုင်ခင်ကတော့ ရန်လိုနေတဲ့ မြောက်ကိုရီးယားကို ဘယ်လိုထိန်းချုပ်ကြမလဲဆိုတာနဲ့ပတ်သက်လို့ အဆိုပါ အင်အားကြီးနှစ်နိုင်ငံအကြား သဘောထားကွဲပြီး လများစွာကြာ တင်းမာမှုတွေ ရှိထားခဲ့တာဖြစ်ပါတယ်။

တီလာဆန်အနေနဲ့ ယခုတရုတ်ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required