မြိုင်ကြီးငူစစ်ရှောင်စခန်း စားနပ်ရိက္ခာပြတ်နေ

မြိုင်ကြီးငူစစ်ရှောင်စခန်း စားနပ်ရိက္ခာပြတ်နေ
မြိုင်ကြီးငူစစ်ဘေးရှောင်စခန်း အား ၂၀၁၆ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ-Ayeko Ko ဖေ့ဘုတ်

ရန်ကုန်၊ စက်တင်ဘာ ၂၉ ။            ။ စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ရှိနေသည့် မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်နေပြီဖြစ်ကြောင်း စစ်ရှောင်စခန်းအတွင်း ရေးမှူး ကိုအောင်ဝင်းထွန်းကပြောသည်။

စက်တင်ဘာ လဆန်းကတည်းက အလှူရှင်များလာရောက်မှုမရှိတော့ကြောင်း  အစိုးရဘက်ကိုအကြောင်းကြားထားသော်လည်း တစ်စုံတစ်ရာ ပြန်လည်အကြောင်းပြန်ခြင်းမျိုးလည်းမရှိသေးကြောင်း ၎င်းကပြောသည်။

 “ ပြန်ဖို့ဆိုတာလည်း အခြေအနေလည်းမပေး။ နေဖို့ဆိုတာလည်း အခက်ခဲအတော်များတာပေါ့။ နောက်တစ်ရက်နှစ်ရက်မှ အလှူရှင်မလာရင် ကျွန်တော်တို့ကတော့ ဘယ်လိုလုပ်ရမလဲ ပြောတော့ပြောမတတ်ဘူးပေါ့။ ဘုန်းကြီးဆန်ကယူစားရတာပေါ့ အခု “  ဟု ကိုအောင်ဝင်းထွန်းကပြောသည်။

လတ်တလောတွင် စားနပ်ရိက္ခာပြတ်တောက်နေသောကြောင့်  မြိုင်ကြီးငူဆရာတော်ကြီးထံမှ ဆန်များကို ယူစားနေရကြောင်း စခန်းတာဝန်ခံ ဦးထွန်းကပြောဆိုခြင်းဖြစ်သည်။

တပ်မတော်နှင့် ကလိုထူးဘော ကရင်အစည်းအရုံး (ကေကေအို) တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများ တစ်နှစ်နီးပါးကြာပြီးနောက် တိုးပွားလာသော စစ်ရှောင်များအတွက် စားနပ်ရိက္ခာမှာ အလှူရှင်အပေါ်၌သာ အဓိက မှီခိုနေရခြင်းလည်း ဖြစ်သည်။

မူရင်းနေရပ်ဖြစ်သည့် မဲသဝေါဒေသတွင် ယခုရက်ပိုင်းအတွင်း တပ်မတော်နှင့် ကေကေအိုအဖွဲ့တို့တိုက်ပွဲများဆက်တိုက်ဆိုသလို ပြန်ဖြစ်ပွားနေကြာင်းလည်း ဦးထွန်း ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required