ဆော်ဒီအာရေဗျက သမိုင်းဝင်ဆုံးဖြတ်ချက်အဖြစ် အမျိုးသမီးများအား ကားမောင်းခွင့် ပြု

By AFP
27 September 2017
ဆော်ဒီအာရေဗျက သမိုင်းဝင်ဆုံးဖြတ်ချက်အဖြစ် အမျိုးသမီးများအား ကားမောင်းခွင့် ပြု

 

ရီယတ်ဒ်၊ စက်တင်ဘာ ၂၇ ။                 ။ ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးအား ကားမောင်းခွင့် ပိတ်ပင်ထားခြင်းကို ဖျက်သိမ်းကာ လာမည့်နှစ် ဇွန်လမှစပြီး ခွင့်ပြုသွားရန် ဆော်ဒီဘုရင် ဆာလမန်က စက်တင်ဘာ ၂၆ ရက်တွင် အမိန့်ထုတ်လိုက်သည်။

ရှေးရိုးအလွန်စွဲသော နိုင်ငံအနေဖြင့် ကမ္ဘာတွင် အမျိုးသမီးများအား ကားမောင်းခွင့် ပိတ်ထားသည့် နောက်ဆုံးနိုင်ငံဖြစ်ရာ ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းသည် သမိုင်းတွင်သည့် ဆုံးဖြတ်ချက်လည်းပဲ ဖြစ်သည်။

ပင်လယ်ကွေ့ ဘုရင့်နိုင်ငံ ဆော်ဒီတွင် အမျိုးသမီးများအား ခွဲခြားဆက်ဆံမှု အမှတ်သင်္ကေတအဖြစ် ကားမောင်းခွင့် ရေရှည်ပိတ်ပင်ထားသည်ဟု ကမ္ဘာက ရှုမြင်ထားကြကာ အမျိုးသမီးတက်ကြွလှုပ်ရှားသူများက ယင်းပိတ်ပင်ထားမှုကို ကာလကြာ ဖီဆန်အံ့တုံနေခဲ့ခြင်း ဖြစ်သည်။

ဘာသာရေး ရှေးရိုးစွဲများ၏ အမျက်ဒေါသနှင့် ကြုံရနိုင်သော ဘုရင် ဆာလမန်၏ ယခုဆုံးဖြတ်ချက်သည် ဆော်ဒီနိုင်ငံအား ရေနံအပေါ် မှီခိုရမှုမှ ရုန်းထွက်သည့် ခေတ် ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံ၏ လူ့အခွင့်အရေး စံအပေါ် ကမ္ဘာ့အလယ် ဂုဏ်သတင်း ပိုမိုကောင်းမွန်ရေးတို့အတွက် ရည်ရွယ်ကာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ဘုရင် ဆာလမန်ဘင်အက်ဒ်ဒူလာဇီအယ်ဆော့က နိုင်ငံအတွင်း အမျိုးသမီးများ ကားမောင်းခွင့် လိုင်စင် ခွင့်ပြုချထားပေးတဲ့ အမိန့်ဒီဂရီကို ထုတ်ပြန်ပါတယ်။”ဟု နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်သည်။

“အဆိုပါ အမိန့်သည် ၂၀၁၈ ဇွန်လမှစပြီး အသက်ဝင်မည်။”ဟု ယင်းထုတ်လွှင့်ချက်တွင် ဖော်ပြသည်။

သန်းပေါင်းများစွာသော ယာဉ်မောင်းလိုင်စင်သစ် လျှောက်ထားလာမှုများအတွက် အခြေခံအဆောက်အအုံများနှင့် လိုင်စင်ရုံးများ ချဲ့ထွင်တည်ဆောက်ရေး လုပ်ဆောင်သွားမည်လည်း ဖြစ်ကြောင်း ယင်းထုတ်လွှင့်ချက်တွင် ဖြည့်စွက်ဖော်ပြသည်။

ဆော်ဒီအာရေဗျနိုင်ငံတွင် နှစ်ကာလအတန်ကြာအတွင်း အမျိုးသမီးများ ကားမောင်းခွင့် ပိတ်ပင်ချက်ကို ဖီဆန်အာခံသည့် အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ အများအပြားကို ဖမ်းဆီးထောင်ချခြင်းများ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required