မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု တုန့်ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားကလည်း ပဲ့ထိန်းဒုံးနှစ်စင်း ပစ်လွှတ်ပြီး အင်အားပြ

By AFP
15 September 2017
မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု တုန့်ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားကလည်း ပဲ့ထိန်းဒုံးနှစ်စင်း ပစ်လွှတ်ပြီး အင်အားပြ

စက်တင်ဘာ ၁၅ ။     ။ ကုလ အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ အထီးကျန် မြောက်ကိုရီးယားတို့ စက်တင်ဘာ ၁၅ ရက် အစောပိုင်းက ဂျပန်ကိုကျော်ပြီး ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပြန်ပါတယ်။

ပြုံယမ်းအာဏာပိုင်တို့ရဲ့ အဆိုပါရန်စတဲ့ ဒုံးကျည်ပစ်လွှတ်မှု ပြီးပြီးချင်း မိနစ်ပိုင်းအတွင်းမှာပဲ တောင်ကိုရီးယားတို့ကလည်း ပဲ့ထိန်းဒုံးနှစ်စင်း ပင်လယ်ထဲ တုန့်ပြန်ပစ်ခတ်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား ဒုံးကျည် လေထဲမှာပဲ ရှိနေချိန်မှာပဲ တောင်ကိုရီးယားတို့က နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းကနေပြီး ဒုံးကျည်တုန့်ပြန်ပစ်လွှတ်ခဲ့တာဖြစ်ပြီး ဒါဟာ ပြုံယမ်းဘက်ကို တုန့်ပြန်အင်အားပြသလိုက်ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တစ်ချိန်တည်းမှာလဲပဲ မြောက်ကိုရီးယားတို့ရဲ့ နျူကလီးယားနဲ့ စစ်ရေးပိုင်း တိုးမြင့်ခြိမ်းခြောက်လာနေမှုကို ထိထိရောက်ရောက် တုန့်ပြန်ကာကွယ်သွားနိုင်ဖို့ နိုင်ငံရဲ့ စစ်တပ်ကိုလည်း တပ်လှန့်ထားကြောင်း တောင်ကိုရီးယားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသွားပါတယ်။ ပြုံယမ်းအာဏာပိုင်တို့နဲ့အကြား စေ့စပ်ညှိနှိုင်းဖု့ိ မဖြစ်နိုင်တော့ကြောင်း ဆိုးလ်မြို့တာဝန်ရှိသူတွေက ပြောပါတယ်။

မြောက်ကိုရီးယားတို့ရဲ့ ယခုဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်က ပြင်းထန်စွာ ပြစ်တင်ပြောကြားသွားသလို ဂျပန်နဲ့အမေရိကန်တို့ရဲ့ တောင်းဆိုမှုအရ လုံခြုံရေးကောင်စီ အစည်းအဝေးကို နယူးယော့ခ်မှာ တွေ့ဆုံကျင်းပသွားဖို့ ရှိနေပါတယ်။

မြောက်ကိုရီးယားတို့ ယနေ့ ဂျပန်ကို ကျော်ပြီး ပစ်ခဲ့တဲ့ ဒုံးကျည်ကတော့ အမြင့် ကီလိုမီတာ ၇၇၀ မီတာ ထိ ရောက်ပြီး အကွာအဝေး ကီလိုမီတာ ၃,၇၀၀ ထိ ပျံသန်းသွားခဲ့ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ မြောက်ကိုရီးယားတို့အနေနဲ့ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ပစ်လွှတ်ဖို့ ရည်ရွယ်ချက်ရှိနေပြီလို့ ယုံကြည်ရကြောင်းလည်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောသွားပါတယ်။ ဂူအမ်ကျွန်းဟာဆိုရင် မြောက်ကိုရီးယားကနေ အကွာအဝေး ကီလိုမီတာ ၃,၃၈၀ မှာ ရှိနေတာဖြစ်ပါတယ်။

ယခု မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုနဲ့ပတ်သက်လို့ တရုတ်က ပြစ်တင်ကန့်ကွက်သွားပြီး သက်ဆိုင်သူအားလုံးကိုလည်း ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required