အပူပိုင်း ဟာဗေးမုန်တိုင်းကြောင့် ရေကြီးမှုများ ကြုံနေသော ဟူစတန်မြို့နှင့် ဝန်းကျင်နယ်မြေများမှ ပြည်သူများအား ယာယီခိုလှုံရေးရှက်တာများသို့ ပြောင်းရွှေ့ပေးနေရရာ လူပေါင်း သုံးသောင်းကျော်အထိ ရှိသွားပြီဟု အေအက်ဖ်ပီသတင်းတစ်ရပ်က ဆိုသည်။
ဟာဗေးမုန်တိုင်းသည် သြဂုတ် ၂၅ ရက်ညက ဟူစတန်မြို့အနောက်တောင်ဖက် တက္ကဆက်ပြည်နယ် ရော့ခ်ပို့မြို့သို့ ဟာရီကိန်းအဖြစ် လေတိုက်နှုန်း တစ်နာရီ ၁၃၃ မိုင်နှုန်းဖြင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ဒေသတွင်း ဧရိယာများတွင် ရေကြီးမှုများ ထပ်ဖြစ်ကာ လေဆင်နှာမောင်းများလည်း ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသဌာနက သတိပေးထားသည်။
လက်ရှိအထိ သေဆုံးသူ ငါးဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ဒါဇင်များစွာ ရှိသည်။ မုန်တိုင်းကြောင့် ရေဘေးကြုံနေရာဒေသသို့ သမ္မတ ဒေါ်နယ်ထရမ့် သြဂုတ် ၂၉ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။
ဟာဗေးမုန်တိုင်းသည် သြဂုတ် ၂၇ ရက်တွင် မက္ကဆီကို ပင်လယ်ကွေ့သို့ ဖြည်းညင်းစွာ ရွှေ့လျားသွားပြီး ယင်းနောက်ပိုင်း မိုးသည်းထန်စွာရွာ၍ ရေကြီးမှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
သြဂုတ် ၂၇ ရက် ညနေပိုင်းအထိ ဟူစတန်တစ်ဝိုက်တွင် မိုးရေချိန် ၂၅ လက်မအထိ ရွာသွန်းကြောင်း၊ သီတင်းပတ်စာအတွက် လက်မ ၆၀ အထိ ရွာသွန်းနိုင်မည်ဖြစ်ကြောင်း အာဏာပိုင်များက ခန့်မှန်းထားသည်။
ရေကြီးမှုများက မကြုံစဖူး ဆိုးရွားပြီး အသေအပျောက်များ ထပ်ဖြစ်နိုင်သည်ဟု အမျိုးသားမိုးလေဝသဌာနက သတိပေးသည်။
ဟူစတန်မြို့တွင်းက ကျောင်းနှင့် ရုံးများ ပိတ်ထားရပြီး စက်တင်ဘာ ၅ ရက်နေ့တွင်မှ ပြန်ဖွင့်နိုင်ဖွယ်ရှိသည်။
ယခု ဟာဗေးမုန်တိုင်းသည် အမေရိကန်ကုန်းတွင်းသို့ ဝင်ရောက်သော မုန်တိုင်းများတွင် ဆယ့်နှစ်နှစ်အတွင်း အဆိုးဝါးဆုံး မုန်တိုင်းပဲဖြစ်သည်။