ဂင်းနစ်စံချိန်တင် ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအို အသက် ၁၁၃ နှစ်မှာ ကွယ်လွန်

ဂင်းနစ်စံချိန်တင် ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအို အသက် ၁၁၃ နှစ်မှာ ကွယ်လွန်
(ဓာတ်ပုံ - အေအက်ဖ်ပီ)

ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်ရပ်မှ အသက်ရှင်ကျန် လွတ်မြောက်ခဲ့သူ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်တင်ထားတဲ့ အဘိုးအို ယီစ္စရေး ခရစ္စတဲလ်ဟာ သြဂုတ် ၁၁ ရက်၊ သောကြာနေ့က အသက် ၁၁၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ကြောင်း အစ္စရေးသတင်းတွေက ဖော်ပြပါတယ်။

"ယီစ္စရေး ခရစ္စတဲလ်ဟာ ... ၎င်းရဲ့အသက် ၁၁၄ နှစ်ပြည့်ရန် တစ်လအလို သောကြာနေ့မှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့" Haaretz နေ့စဉ်သတင်းစာ အွန်လိုင်းမှာ ရေးသားခဲ့ပါတယ်။

ကွယ်လွန်သူ ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအိုဟာ ကလေးနှစ်ဦးရှိပြီး မြေးမြစ် ၄၁ ဦးရှိတယ်လို့ Ynet သတင်းဝက်ဘ်ဆိုက်က ဆိုပါတယ်။

ခရစ္စတဲလ်ဟာ ရိုက်ညီအစ်ကိုတို့ရဲ့ ပထမဦးဆုံး အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ လေယာဉ်ကို ပြုလုပ်ပြီး ၃ လတိုင်မတိုင်မီ ၁၉၀၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်မှာ မူလက ဇာနောင်း (ယခုပိုလန်မှာ ရှိ)ကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။

ဂင်းနစ်ကမ္ဘာ့စံချိန် အဖွဲ့အစည်း က ခရစ္စတဲလ်ကို ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် ၂၀၁၆ ခုနှစ်၊ မတ်လမှာ အသိအမှတ်ပြုခဲ့ကြပါတယ်။

ခရစ္စတဲလ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ဆိုးဖြင့် ကျော်ကြားခဲ့တဲ့ နာဇီတို့ရဲ့ သေမင်းတမန် အော့ဇ်ဝစ်အကျဉ်းစခန်းကို ပို့ဆောင်ခံခဲ့ရပါတယ်။ ၁၉၄၀ ခုနှစ်နဲ့ ၁၉၄၅ ခုနှစ်ကြားမှာ ဥရောပဂျူးလူမျိုးအများစု အပါအဝင် လူဦးရေ ၁.၁ သန်းခန့်ဟာ အော့ဇ်ဝစ်အကျဉ်းစခန်းမှာ သေဆုံးခဲ့ပါတယ်။ ခရစ္စတဲလ်ရဲ့ ဇနီးနဲ့ ကလေးနှစ်ဦးတို့ ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့ကြပေမဲ့ ခရစ္စတဲလ်က စစ်ပွဲပြီးဆုံးချိန်မှာ ကိုယ်အလေးချိန် ၃၇ ကီလို (၈၁ ပေါင်)နဲ့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဟိုင်ဖာမြို့ရှိ သူ့အိမ်မှာ ဂင်းနစ်စံချိန်အသိအမှတ်ပြုလက်မှတ်ကို ရယူခဲ့ချိန်က အသက်ရှည်ခြင်းနဲ့ ပတ်သက်ပြီး ခရစ္စတဲလ်က "ဘာကြောင့် အသက်ရှည်ရှည်ဖို့အတွက် လျှို့ဝှက်ချက်ကို မသိပါဘူး။ အရာအားလုံးကို ဘုရားသခင်က ဆုံးဖြတ်သတ်မှတ်ထးတဲ့ ကျနော် ယုံကြည်ပါတယ်။ ဘာအကြောင်းပြချက်ကြောင့် လုပ်ထားတယ်ဆိုတာ ကျနော်တို့ ဘယ်တော့မှ မသိနိုင်ပါဘူး"လို့ ပြောခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required