ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီများကို မြို့လယ်ခေါင် ရပ်ကွက် ဆိုင်ခန်းကျဉ်းများတွင် သိုလှောင်ရောင်းချမှုများကို စိစစ်ကြပ်မတ်ပေးရန် ဝါးခယ်မအမတ် အဆိုတင်

ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီများကို မြို့လယ်ခေါင် ရပ်ကွက် ဆိုင်ခန်းကျဉ်းများတွင် သိုလှောင်ရောင်းချမှုများကို စိစစ်ကြပ်မတ်ပေးရန် ဝါးခယ်မအမတ် အဆိုတင်

ပုသိမ်၊ သြဂုတ် ၄ရက် ။              ။ မြို့နယ်အချို့တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီများကို မြို့လယ်ခေါင်ရပ်ကွက်၊ စျေးခန်းကျဉ်းများမှာ ရောင်းချသိုလှောင်ထားမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ စိစစ်ကြပ်မတ်ပေးရန် ဝါးခယ်မမြို့နယ်တိုင်းကိုယ်စားက အဆိုတစ်ရပ်တင်သွင်းခဲ့သည်။

"ဧရာဝတီတိုင်းဒေသကြီးက အချို့သော မြို့နယ်၊မြို့များ၊ ကျေးရွာများတွင် စက်သုံးဆီအမျိုးမျိုးကို လွတ်လွတ်လပ်လပ်ရောင်းချနေကြပါတယ်။ လူစည်းကားရာ မြို့လယ်ခေါင်တွေ လမ်းဘေးတွေ   စျေးဘေးတွေ ရပ်ကွက်တွေထဲမှာ ပြောင်ပြောင်တင်းတင်းပဲ ရောင်းချနေပါတယ်။ မြို့အတွင်း ရပ်ကွက်အတွင်းမှာနေကြတဲ့ပြည်သူတွေဟာ ဘယ်တော့များ မီးလောင်မလဲဆိုပြီး ကြံုတွေခံစားနေရ ပါတယ်။ ယခင်ကဲ့သို့လုပ်ရပ်မျိုးတွေဟာ အများပြည်သူအဖို့ စိတ်မချမ်းမသာဖြစ်ရပါတယ်”ဟုအဆိုရှင် ဝါးခယ်မမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဌေးအောင်က ဆွေးနွေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်အချို့က ဆီဆိုင်များ မီးလောင်ခဲ့ခြင်းများရှိခဲ့သလို ပုသိမ်မြို့တွင်းတွင် ဆီဆိုင်များ ပန့်ဆိုင်များ၊ လမ်းဘေးပုလင်းနှင့်ရောင်းချသည့် ဆီဆိုင်များစွာရှိကြောင်းသိရှိရသည်။

ယင်းအဆိုနှင့် ပတ်သက်၍ ရေကြည်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဦးမျိုးညွန့်က "သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီညွတ်တဲ့ရောင်းဝယ်မှုတွေကို လူနေထူထပ်ပြီး အန္တရာယ်အချိန်မရွေးဖြစ်နိုင်တဲ့နေရာတွေမှာ ချထားခွင့်မပြုပေးဖို့ အထူးလိုအပ်ပါတယ်။ တစ်ချို့ ခွင့်ပြုချက်နဲ့ဆိုင်တွေမှာလည်း စည်းမျဉ်းနဲ့မညီနိုင်တဲ့အချက်တွေရှိပါတယ်။

အခုလိုအရောင်းဆိုင်များ ဖောင်းပွစပြုလာတဲ့ အချိန်မှာ မထိန်းကျောင်းမကြပ်မတ်နိုင်ရင် နောင်တစ်ချိန် မီးဘေးဆိုတနေရာလောင်တာနဲ့ တစ်မြို့လုံးအနှံ မိုင်ထောင်ထားသလို   ပြည်သူတွေပြေးစရာ   ရှောင်စရာမရှိဖြစ်တော့မှ နောင်တနဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ အစိုးရလို့ ပြစ်တင်မှာကိုလည်း စိုးရိမ်သတိပေးမိပါတယ်။” ဟု ပြောကြားခဲ့သည်။ 

လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးကလည်း "မီးဘေးအန္တရာယ်များဖြစ်ပေါ်လာနိုင်၍ စစ်ဆေးကြပ်မတ်အရေးယူရန် ညွန်ကြားချက်များထုတ်ပြီးတော့ သတိပေးဆောင်ရွက်လျက်ရှိပါတယ်။ တကယ်တမ်းထိရောက်မှုရှိစေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေး တင်ပြတဲ့အဆိုကို လွှတ်တော်မှာ ဆွေးနွေးသင့်ကြောင်းထောက်ခံပါတယ်”ဟု သြဂုတ် ၄ရက်က တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်များ၊ မြို့များ၊ ကျေးရွာကြီးများတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီများကို မြို့လယ်ခေါင်၊ ရပ်ကွက်၊ စျေးခန်းကျဉ်းများမှာ ရောင်းချသိုလှောင်ထားမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်ကြပ်မတ်ပေးပါရန် အဆိုအား ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required