အီရန်စစ်သင်္ဘောအား အမေရိကန်ရေတပ်သင်္ဘောက သတိပေးပစ်ခတ်

အီရန်စစ်သင်္ဘောအား အမေရိကန်ရေတပ်သင်္ဘောက သတိပေးပစ်ခတ်

နယူးယောက်၊ ဇူလိုင် ၂၆ ။                 ။ ပါရှန်ပင်လယ်ကွေ့တွင် အနီးကပ်လာသည့် အီရန်တော်လှန်ရေးအစောင့်တပ်မမှ စစ်သင်္ဘောအား အမေရိကန်ရေတပ် ကင်းလှည့်သင်္ဘောက သတိပေး ပစ်ခတ်လိုက်ရကြောင်း တာဝန်ရှိသူများက ပြောသည်။

USS Thunderbolt သင်္ဘောအနီး ၁၃၇ မီတာအထိ နီးကပ်လာသည့် အီရန်သင်္ဘောကို ရေဒီယိုဆက်သွယ်ပြီး အကြိမ်ကြိမ် သတိပေးသော်လည်း တုံ့ပြန်ခြင်း မရှိသကဲ့သို့ ဥသြဆွဲသံများ အကြိမ်ကြိမ်ပေးခြင်း၊ ဖောက်ခွဲသံများ ပြုခြင်းကိုလည်း မသိကျိုးကျွန် ပြုနေရာ ယခုကဲ့သို့ ခြောက်လှန့်ပစ်ခတ်လိုက်ရခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်သည်။

“အီရန် သင်္ဘောရဲ့ လုပ်ရပ်က နိုင်ငံတကာ ရေလမ်းကြောင်းစည်းမျဉ်းနဲ့ နိုင်ငံတကာရေပြင်ကင်းလှည့်မှုတွေနဲ့ ညီညွတ်မှု မရှိဘူး။ တိုက်မိမယ့် အန္တရာယ် အရမ်းနီးတယ်။”ဟု ထုတ်ပြန်ချက်က ဆိုပြီး အီရန်သည် ဘေးမကင်းသော၊ ပညာရည် မပြည့်သော လုပ်ရပ်မျိုး လုပ်ဆောင်ခဲ့သည်ဟု မှတ်ချက်ပြုထားသည်။

အမေရိကန်ရေတပ်သည် ယင်းဖြစ်ရပ်ကို ဗီဒီယိုလည်း ထုတ်လွှင့်ခဲ့ရာ စက်သေနတ်နှစ်ချက် ပစ်ဖောက်လိုက်သည့် အသံကို ယင်းဗီဒီယိုတွင် ကြားရသည်။

အထက်ပါ ဖြစ်ရပ်သည် ပါရှန်းပင်လယ်ကွေ့အတွင်း နံနက် သုံးနာရီခန့်က ဖြစ်ပွားခြင်းဖြစ်သည်။ အမေရိကန်ရေတပ်က ခြောက်လှန့်ပစ်ခတ်လိုက်ပြီးနောက်တွင် အီရန်သင်္ဘော ရပ်တန့်သွားကြောင်း၊ ယင်းနောက်တွင် အမေရိကန်သင်္ဘောက ကိုယ့်လမ်းကြောင်းကို ခုတ်မောင်းခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

အီရန်တော်လှန်ရေးအစောင့်တပ်မဖက်က အမေရိကန်ကပဲ ရန်စခြိမ်းခြောက်ခြင်းဖြစ်ပြီး ၄င်းတို့ သင်္ဘောကသာ အီရန် သင်္ဘောထံ ချည်းကပ်လာခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုသည်။

ဇန်နဝါရီလအတွင်းကလည်း ဟောမုဇ်ရေလက်ကြားတွင် အရှိန်ဖြင့် ခုတ်မောင်းချည်းကပ်လာသည့် အီရန်စစ်သင်္ဘောလေးစင်းကို အမေရိကန် USS Mahan ဖျက်သင်္ဘောက ခြောက်လှန့်ပစ်ခတ်ခဲ့ ရဖူးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required