အတိုက်အခံ ဆန္ဒပြသူများအား တန်ပြန်ရေးအတွက် ထောက်ခံသူများအား ဗင်နီဇွဲလား သမ္မတ စုရုံးခိုင်း

အတိုက်အခံ ဆန္ဒပြသူများအား တန်ပြန်ရေးအတွက် ထောက်ခံသူများအား ဗင်နီဇွဲလား သမ္မတ စုရုံးခိုင်း

ကရာကတ်စ်၊ ဇွန် ၂၉ ။              ။ ဗင်နီဇွဲလားနိုင်ငံတွင် ဆန္ဒပြထိပ်တိုက်တွေ့မှုများ သီတင်းပတ်များစွာဖြစ်ပွား၍ သေဆုံးသူဦးရေက ၅၂ ဦးအထိ ရှိသွားပြီးနောက်တွင် အတိုက်အခံ ဆန္ဒပြသူများအား တန်ပြန်ရေးအတွက် သမ္မတ မာဒူရိုက ၎င်းအား ထောက်ခံသူများကို စုရုံးခိုင်းထားသည်။

မြို့တော် ကရာကတ်စ် အလယ်ပိုင်းတွင် ဆိုရှယ်လစ် သမ္မတ မာဒူရိုကို ထောက်ခံသူများ စုရုံးကြပြီး အနီ၊ အဝါနှင့် အပြာ သုံးရောင်ခြယ် နိုင်ငံတော်အလံကို ဝှေ့ယမ်းကြသည်။

ရွေးကောက်ပွဲ စောကျင်းပရေး တောင်းဆိုသည့် အတိုက်အခံများ၏ နေ့စဉ် ချီတက် ဆန္ဒပြမှုများတွင် ပြီးခဲ့သည့် ရက်များအတွင်း ဆူပူအကြမ်းဖက်မှု အသွင်ဖြစ်ပေါ်လာခြင်းကို အစိုးရဖက်က ယခုကဲ့သို့ တန်ပြန်စုရုံးဆန္ဒပြစေခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေး သုံးရောင်ခြယ် အလံနဲ့အတူ လမ်းမများပေါ် စုရုံးဆန္ဒပြကြဖို့ ကျွန်တော် တိုက်တွန်းပါတယ်။”ဟု ဇွန် ၂၇ ရက် စုရုံးဆန္ဒပြမှု မတိုင်မီ ရုပ်မြင်သံကြားမှတစ်ဆင့် သမ္မတ မာဒူရိုက မိန့်ခွန်းပြောခဲ့သည်။

ဖြစ်ပွားနေသည့် ဆန္ဒပြမှုများအတွင်း ဆူပူအကြမ်းဖက်မှုများကို သွေးထိုးပေးရန် လက်နက်ကိုင်တပ်ဖွဲ့များ စေလွှတ်နေသည်ဟု အစိုးရနှင့် အတိုက်အခံတို့က အချင်းချင်း အပြန်အလှန် စွပ်စွဲထားကြသည်။

အတိုက်အခံများသည် အကြမ်းဖက်ဝါဒီများဖြစ်သည်ဟု သမ္မတ မာဒူရိုက တံဆိပ်ကပ်ပြောဆိုကာ ၎င်းအား ဖယ်ရှားရန်အတွက် ရွေးကောက်ပွဲကျင်းပခိုင်းနေခြင်းကိုလည်း ခုံခံနေရခြင်းဖြစ်သည်။

အတိုက်အခံများဖက်ကမူ စားနပ်ရိက္ခာနှင့် ဆေးဝါး  ပြတ်လပ်မှု ဖြစ်ပွားစေသော စီးပွားပျက်ကပ်ကို သမ္မတအပေါ် အပြစ်ဖို့ ပြောဆိုလျက်ရှိနေသည်။

ဆန္ဒပြမှုများအတွင်း သေဆုံးသူ ဦးရေ ၅၂ ရှိပြီး အများစုမှာ ပစ်ခတ်ခံရပြီး  သေဆုံးခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required