ဘဏ်အကောင့်ပိတ်ခြင်းသည် တရုတ်၏ တရားဥပဒေပုံမှန်လုပ်ဆောင်ချက်ဟု တရုတ်သံမှူးပြော

ဘဏ်အကောင့်ပိတ်ခြင်းသည် တရုတ်၏ တရားဥပဒေပုံမှန်လုပ်ဆောင်ချက်ဟု တရုတ်သံမှူးပြော
ဇွန်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Yang Shouzheng သည် နေပြည်တော်၌ မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းနှင့် တွေ့ဆုံခဲ့သည်။ ဓာတ်ပုံ-တရုတ်သံရုံး

ဇွန်လ ၂၃ ။          ။ နယ်စပ်ရှိ မြန်မာကုန်သည်အချို့၏ ဘဏ်အကောင့်စာရင်းများ အပိတ်ခံရခြင်းအပေါ် လောင်းကစားမှုနှင့်ပတ်သက်သည့် ငွေကြေးပိတ်သိမ်းခြင်းသည် တရုတ်နိုင်ငံ၏ တရားဥပဒေနှင့်အညီ ပုံမှန်လုပ်ဆောင်ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ တာဝန်ရှိသူက ပြောခဲ့သည်။

ဇွန်လ ၂၂ ရက်က ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ရဲမှူးချုပ် အောင်ဌေးမြင့် နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူး Mr. Yang Shouzheng သည် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ တာဝန်ရှိသူအချို့က စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ သူရဦးရွှေမန်း၊ အပါအဝင် ရဲမှူးချုပ် အောင်ဌေးမြင့် ၊ UMFCCI ဥက္ကဋ္ဌ နှင့် စီးပွားကူးသန်း ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းတို့နှင့်ပါ နေပြည်တော်နှင့် ရန်ကုန်၌ သီးခြားစီ တွေ့ဆုံစဉ် အဆိုပါ ကိစ္စအား ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာကုန်သည်အချို့၏ ဘဏ်စာရင်းများကို ဇွန်လ ၁၄ ရက်မှ စတင်၍ ယာယီပိတ်ထားခြင်းဖြစ်ပြီး တရုတ်မှောင်ခိုဂိုဏ်း ၂၇ ဂိုဏ်းကို ဖြိုခွင်းရန် ယင်းသို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့် တရုတ်သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းကာ ဖြေရှင်းရန်ဆန္ဒရှိကြောင်း ရဲမှူးချုပ် အောင်ဌေးမြင့်က ပြောသည်။

တရုတ်သက်ဆိုင်ရာဌာနများ၏ တရားမဝင်လှုပ်ရှားမှုများကို စုံစမ်းစစ်ဆေးရေးအတွက် ဘဏ်စာရင်းများကို ယာယီပိတ်သိမ်းခဲ့ခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ယာယီတာဝန်ခံ Mr.Chen Chen က ဇွန်လ ၂၀ ရက်၊ နေပြည်တော်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တွေ့ဆုံစဉ် ပြောခဲ့သည်။

ထို့ပြင် ပြသနာများအား အမြန်ဆုံးဖြေရှင်းသွားရန် တွန်းအားပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယာယီတာဝန်ခံက ပြောခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပုံမှန်ဖြစ်ရေးသည် နှစ်နိုင်ငံလုံးအတွက် အကျိုးရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောခဲ့သည်။

ထို့ပြင်  ယင်း ဇွန်လ ၂၀ ရက်နေ့တွင် Mr.Chen Chenက ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရရွှေမန်းနှင့် တွေ့ဆုံစဉ် နယ်စပ်ရှိ ကုန်သည်များ၏ အကျိုးစီးပွားအား တရုတ်ဘက်မှ အလွန်အလေးထားကြောင်း ပြောခဲ့သည်။

ဘဏ်ငွေစာရင်းများအပိတ်ခံထားရသည့် ပဲ၊ ပြောင်း၊ နှမ်းနဲ့ လယ်ယာထွက်ကုန်ပစ္စည်းဒိုင်မှ မြန်မာကုန်သည် ၂၀၀ ဦးခန့်က မူဆယ်မြို့တွင် ယနေ့ (ဇွန် ၂၃) ရက် ဘဏ်စာရင်းများ   ပြန်လည်ဖွင့်လှစ်ပေးရန်အတွက်  တရုတ်ပြည်ဘဏ်ကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required