ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခက်အခဲ စိန်ခေါ်ချက်များ ကြံုတွေ့နေရသည်ဟု UNFC ဥက္ကဌ ပြော

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခက်အခဲ စိန်ခေါ်ချက်များ ကြံုတွေ့နေရသည်ဟု UNFC ဥက္ကဌ ပြော

ချင်းမိုင်၊ ဇွန် ၂၀ ။           ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တစိုက်မတ်မတ် သွားနေသော်လည်း ယနေ့ထိ အခက်အခဲ စိန်ခေါ်မှုများ ရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုခဲ့သည်။

၂၀၁၄ ခုနှစ် သြဂုတ်လမှ ၂၀၁၇ ခုနှစ် ဇွန်လအထိ ထိရောက်သည့် ကြိုးပမ်းဆောင်ရွက်မှု ရှိခဲ့သလို၊ အောင်မြင်မှု အချိုးအကွေ့များအတွက် အခက်အခဲ စိန်ခေါ်ချက်များလည်း ယနေ့ထိ ရင်ဆိုင် ကြုံတွေ့နေရဆဲ ဖြစ်ပါသည်ဟု ဇွန်လ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ကျင်းပသော UNFC အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

“ဥပမာ UNFC အဖွဲ့ဝင် အဖွဲ့အစည်းတချို့ နုတ်ထွက်ခွင့်တောင်းတာတွေဟာ UNFCအတွက် တကယ့်ကြီးမားတဲ့ စိန်ခေါ်ချက်တွေ ရောက်ရှိလာနေပါတယ်။ ဒီအချက်တွေကို ကျော်လွားနိုင်ဖို့ ရှေ့ဆက် နည်းနာတွေနဲ့ ဘယ်လို လုပ်ဆောင်ကြမလဲ ကျနော်တို့အနေနဲ့စဉ်းစား အဖြေရှာသွားဖို့ လိုအပ်မှာဖြစ်ပါတယ်”ဟု UNFC ဥက္ကဋ္ဌလည်းဖြစ် ယင်းအဖွဲ့အစည်းမှ နုတ်ထွက်ရန် စာတင်ထားသည့် KIA၏ ဒုဥက္ကဋ္ဌ ၁ လည်းဖြစ်သူ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

ယင်းအပြင် ကေအိုင်အို၏ မူဝါဒဖြစ်သော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပါဝင်ရေးမူအရ မြောက်ပိုင်းအဖွဲ့များ အားလုံး မပါဝင်ပါက တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိခြင်း မဖြစ်နိုင်သဖြင့် အဆိုပါ အဖွဲ့များနှင့် ပူးပေါင်းရခြင်းလည်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

စိန်ခေါ်ချက်များ ရှိသော်လည်း ပန်းတိုင်ရောက်ရန် ဆက်လက်လက်တွဲသွားမည်ဟု ၎င်းက အတိအလင်း ပြောကြားလိုက်သည်။

“အကြောင်း အမျိုးမျိုးကြောင့် ဒီလို နုတ်ထွက်တာဟာ ကချင်ပြည်သူလူထုတွေရော၊ ကေအိုင်အိုအဖွဲ့ဝင်များရော စိတ်မကောင်း ဖြစ်ကြပါတယ်။ အထူးသဖြင့် ကျနော်ဆိုရင် အချိန်ပြည့် ယူအန်အက်ဖ်စီရဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်အနေနဲ့လည်း အထူးပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ ဒေသန္တရ အခြေအနေရော၊ အစိုးရ တပ်မတော်တို့ရဲ့ ဖိအား ခွဲခြားအုပ်ချုပ်မှုအောက်မှာ မဖြစ်မနေ ကျနော်တို့ မြောက်ပိုင်းအဖွဲ့ဝင်တွေဟာ တစုတစည်းတည်းဖြစ်ဖို့ အခြေအနေ ရောက်လာပါတယ်။ ဒါကြောင့်မလို့ ယူအန်အက်ဖ်စီအဖွဲ့ကနေ နုတ်ထွက်ရခြင်း ဖြစ်ပါတယ်”ဟု သူက ပြောသည်။

မြောက်ပိုင်းအဖွဲ့အစည်းများကို UNFC တွင် ပါဝင်လာရေးအတွက် ဗိုလ်ချုပ်ကြီး အင်ဘန်လ ကိုယ်တိုင် ဝ ဒေသ ပန်ဆန်းမြို့သို့ သွားရောက်ကာ ၁၀ ကြိမ်ကျော် စည်းရုံးခဲ့သော်လည်း ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)က အခြေအနေ အမျိုးမျိုးကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။

UNFC ဖွဲ့စည်းခဲ့သော ၆ နှစ်ကျော်ကာလအတွင်း ကြိုးပမ်းမှုများသည် အချည်းနှီး မဟုတ်သလို၊ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌန်းခွင့်နှင့် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြီးမားသည့် ရင်းနှီးမှုများ ဖြစ်ပြီး ဆက်လက် အောင်မြင်မှုများ ပေါ်ပေါက်လာရန်အတွက် အားကြိုးမာန်တက် ကြိုးပမ်းလုပ်ဆောင်သွားရန် အလေးအနက် တိုက်တွန်းကြောင့် ပြောဆိုခဲ့သည်။

၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံမှ ထွက်ပေါ်လာသော အချက် ၃၇ ချက်သည်လည်း တိုင်းရင်းသားများအားလုံးအား ကိုယ်စားမပြုသလို၊ တစ်တိုင်းပြည်လုံးအား လွမ်းခြုံမှု မရှိကြောင်းနှင့် ပထမအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံတွင် UNFC မှ တင်သွင်းခဲ့သော ဖက်ဒရယ်၏ လုံခြုံရေးဆိုင်ရာမူဝါဒများ ဘယ်အခြေအနေရောက်နေသည်ကိုလည်း ၎င်းက မေးခွန်းထုတ်လိုက်သည်။

ယနေ့ စတင်ကျင်းပသော UNFC ညီလာခံတွင် KIO မှ ကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ် ဂွမ်မော်၊ ဗိုလ်မှူးကြီး ဆင်ဝါး၊ ဗိုလ်မှူးကြီး လအောင်၊ ဒေါက်တာလဂျာ၊ ကချင်အမျိုးသားအစည်းအရုံး (KNO)မှ ဥက္ကဌ ဒူဝါဘောမ်ဝမ်လရော်တို့ တက်ရောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required