ပုံနှိပ်မီဒီယာတွင်သာ ရေးသားခဲ့သောကြောင့် ကလောင်ရှင် ဗြိတိသျှကိုကိုမောင် တရားသေလွှတ်

ပုံနှိပ်မီဒီယာတွင်သာ ရေးသားခဲ့သောကြောင့် ကလောင်ရှင် ဗြိတိသျှကိုကိုမောင် တရားသေလွှတ်

ရန်ကုန်၊ ဇွန် ၁၆၊ ။             ။ ၆၆(ဃ) ဖြင့် တရားဆွဲဆိုခံထားရသည့် ကျည်ထောင်စုသစ္စာ သရော်စာဆောင်းပါးကို ရေးသားသော ဗြိတိသျှ ကိုကိုမောင်ကို ပုံနှိပ်မီဒီယာတွင်သာရေးသားသောကြောင့် အမှုနှင့် သက်ဆိုင်မှုမရှိဟုဆိုသော ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ မှတ်ချက်ဖြင့် ဒုတိယအကြိမ် ရုံးထုတ်ချိန်တွင် တရားသေ လွှတ်လိုက်သည်။

အဆိုပါ အမှုသည် ကျည်ထောင်စုသစ္စာ သရော်စာဆောင်းပါးအတွက် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ကလောင်ရှင် ဗြိတိသျှ ကိုကိုမောင်တို့အား ပုဒ်မ ၆၆ (ဃ)ဖြင့် စွဲဆိုထားခြင်းဖြစ်သည်။

ဗြိတိသျှ ကိုကိုမောင်ရေးသားထားသော သရော်စာ၏ စာမူခကို ပုံနှိပ်အတွက်သာ သတ်မှတ်ထားသောကြောင့်  တရားစွဲဆိုထားသော အမှုနှင့်ပါဝင်သက်ဆိုင်မှု မရှိကြောင်းကို ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

“ပို့ဆောင်ဆက်သွယ်ရေးရဲ့မှတ်ချက်က ကျွန်တော်ကတော့ ပုံနှိပ်မီဒီယာမှာ ရေးသားတဲ့အတွက် ၆၆ (ဃ) နဲ့ ဘာမှမဆိုင်ပါဘူး၊ ကိုကျော်မင်းဆွေကတော့ အယ်ဒီတာချုပ်ဖြစ်တဲ့အတွက် သူ တာဝန်ခံပေးရပါတယ်။ သူ (ကျော်မင်းဆွေ) ကိုတော့ တရားဆက်စွဲဆိုသွားမယ်” ဟု ဗြိတိသျှ ကိုကိုမောင်က ပြောသည်။

ဗြိတိသျှ ကိုကိုမောင်နှင့်အတူ တရားစွဲခံထားရသော The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေသည် တာဝန်ခံ၍ လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့သောကြောင့် ယခုဖြစ်နေသော အမှုမှ အာမခံချက် မရရှိဘဲ ဆက်လက်၍ အမှုရင်ဆိုင်သွားရမည်ဟု အမှု၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်မြင့်ထံက သိရသည်။

ပြန်လည်လွတ်မြောက်လာသော ဗြိတိသျှကိုကိုမောင်သည် ဦးကျော်မင်ဆွေ ရင်ဆိုင်နေရသည့် ၆၆(ဃ) အတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ပြောခဲ့သည်။

တပ်မတော်က ရိုက်ကူးခဲ့သည့် ပြည်ထောင်စုသစ္စာဇာတ်ကားကို အခြေခံ၍ သရော်ထားသည့် ကျည်ထောင်စုသစ္စာ သရော်စာကို မတ် လ ၂၆ ရက်ထုတ် The Voice သတင်းစာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် စွဲဆိုခံရသူများသည် တရားရုံးတွင် ဖြေရှင်းခွင့်မရခင်မှာ ထောင်ထဲတွင် နေရသည့်အတွက် ပုဂ္ဂိုလ်ရေးနစ်နာမှုများ ကြုံတွေ့နေရခြင်းကြောင့် ပြင်ဆင်သင့်သည့် ဥပဒေပုဒ်မ ဖြစ်သည်ဟု သတင်းမီဒီယာသမားများက ပြောသည်။

“တရားစွဲထားတယ်ဆိုတာ မီဒီယာသမားတွေက ၉ မှုပဲ ရှိတယ်၊ ကျန်တာက ပြည်သူတွေပါ ဒါကြောင့် သတင်းသမားတွေ သာမဟုတ်ဘဲ ပြည်သူလူထုတွေအတွက်ပါ ခြိမ်းခြောက်မှုရှိတယ်။ ဒါကြောင့်ပြင်ဆင်နိုင်ဖို့ ၆၆ (ဃ) လှုပ်ရှားမှုတွေပထမဆုံး ရုံးထုတ်တဲ့နေ့ကစပြီး ပြုလုပ်နေပါတယ်” ဟု လက်ပတ်ဖြူ ကမ်ပိန်း ဦးဆောင်သူ Myanmar Now သတင်းထောက် ကိုထက်ခေါင်းလင်းက ပြောသည်။

သတင်းသမားများအနေဖြင့် ပုဒ်မ ၆၆ (ဃ) အပေါ် ကန့်ကွက်ခဲ့ကြပြီး သတင်းမီဒီယာဖိနှိပ်မှုအပေါ် Freedom of Press လက်ပတ်ဖြူကမ်ပိန်းကို ၁၀ ရက်ကြာ ပြုလုပ်နေကြသည်။

“ဒီ ၆၆(ဃ) က ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ဥပဒေတစ်ခုက ဒီမိုကရေစီ အစိုးရက မြိန်ရည်ရှက်ရည် သုံးစွဲနေတာကတော့ ကျွန်တော့မျက်စိထဲမှာ မဖြစ်သင့်ဘူးလို့ မြင်တယ်” ဟု ကာယကံရှင် ဗြိတိသျှ ကိုကိုမောင်က ဆက်ပြောသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသူ ၇၁ မှု ရှိသည့်အပြင် သတင်းမီဒီယာကို စွဲဆိုခံထားရမှု ၁၂ မှု ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required