ရီးယဲလ်တွင် ရိုဒရီဂွက်ဇ်ကစားခွင့်နည်းပါးနေခြင်းအပေါ် ကိုလံဘီယာနည်းပြအံံအားသင့်နေ

ရီးယဲလ်တွင် ရိုဒရီဂွက်ဇ်ကစားခွင့်နည်းပါးနေခြင်းအပေါ် ကိုလံဘီယာနည်းပြအံံအားသင့်နေ

ဇွန် ၁၃၊ မက်ဒရစ်။             ။ စပိန်နှင့် ဥရောပချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းတွင် ဟာမီးစ် ရိုဒရီဂွက်ဇ်ရုန်းကန်နေရခြင်းအပေါ် ကိုလံဘီယာနည်းပြ ပီကာမန် က မယုံနိုင်လောက်အောင်ဖြစ်နေသည်။

ရီးယဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါဖလားနှင့် ချန်ပီယံလိဂ်ဖလားရခဲ့၍ မမေ့နိုင်စရာ ဘောလုံးရာသီဖြစ်ခဲ့သော်လည်း ရိုဒရီဂွက်ဇ်အတွက်မူ စိတ်ပျက်စရာဖြစ်ခဲ့ရသည်။

ရိုဒရီဂွက်ဇ်သည် ၂၀၁၆-၁၇ ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ပွဲ ၂၀ သာ ပွဲထွက်ကစားသမားဖြစ်ခွင့်ရခဲ့ပြီး ဂျူဗင်တပ်နှင့်ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် နည်းပြဇီဒန်း၏ချန်လှပ်ခြင်းခံခဲ့ရသည်။

ကိုလံဘီယာတိုက်စစ်မှူးကို မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ကချိတ်ဆက်နေကြောင်းသတင်းများ ထွက်ပေါ်နေစဉ် ကိုလံဘီယာနည်းပြပီကာမန်ကလည်း အခြေအနေကိုဖြေရှင်းရမည်ဟု ပြောဆိုလိုက်သည်။

“ဒီလိုကစားသမားမျိုးက ပွဲကစားခွင့်သိပ်မရဘူးဆိုတာ မယုံနိုင်လောက်အောင်ပါပဲ။ သူ့ရဲ့ခြေစွမ်းနဲ့ ပွဲကစားခွင့်အရေအတွက်က အရေးကြီးပါတယ်။ ဒီလိုအခြေအနေကို ဖြေရှင်းဖို့နည်းလမ်းတစ်ခုမကရှိတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။

သူ့အနေနဲ့ ပွဲများများကစားနေရရင် ကိုလံဘီယာလက်ရွေးစင်အသင်းအတွက်လည်း အကျိုးရှိမှာပါ။ သူ့ကိုဘာလုပ်ပါလို့တော့ အပြည့်အဝမတိုက်တွန်းချင်ပါဘူး။ ဒါပေမဲ့ ဒီအခြေအနေကိုဖြေရှင်းဖို့ ဘာလိုတယ်ဆိုတာကိုတော့ သူသိပါတယ်”ဟု ပီကာမန်က ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required