ကား ၂ စီးမှ ကျောက်စိမ်းနှင့် ကျောက်စိမ်းပုတီးစေ့များအား ဖမ်းမိ

ကား ၂ စီးမှ ကျောက်စိမ်းနှင့် ကျောက်စိမ်းပုတီးစေ့များအား ဖမ်းမိ
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

ရန်ကုန်၊ ဇွန်လ ၁ဝ ။                  ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီး၊ မြို့ရှောင်လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ရေပူဂိတ်မှ ရှောင်တိမ်းလာသည့် အိမ်စီးကားနှစ်စီးပေါ်မှ တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းနှင့် ကျောက်စိမ်းပုတီးစေ့များအား လူ သုံးဦးနှင့်အတူ ယနေ့ ဇွန်လ ၁ဝ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရေပူစစ်ဆေးရေးပူးပေါင်းအဖွဲ့မှ ကျောက်စိမ်းသတင်းအရ ဇွန်လ ၁ဝ ရက်၊ နံနက် ၈ နာရီကျော်တွင် ရေပူဂိတ်၌ စောင့်ဆိုင်းနေစဉ် အဆိုပါ အိမ်စီးကားနှစ်စီးမှာ ရေပူမှ ၁ဝ မိုင်ခန့်အကွာထိရောက်ရှိလာပြီး လားရှိုးမြို့ဘက် ပြန်လှည့်သွားသဖြင့် လိုက်လံဖမ်းဆီးရာ လားရှိုးမြို့အနီး၊ မြို့ရှောင်လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ၉ နာရီကျော်ခန့်အချိန်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ ကားနှစ်စီးလုံးမှာ ကျောက်စိမ်းတွေပါပါတယ်။ ကျောက်စိမ်းအပြင် ကျောက်စိမ်းပုတီးစေ့တွေလိုမျိုး အထုပ် တွေလည်း ပါတယ်။ ကျောက်စိမ်းကို အလုံးလေးတွေလုပ်ပြီး အိတ်တွေနဲ့ ထုပ်ထားတာ။ ကျွန်တော်တို့တောင် တစ်ခါမှ မမိဖူးဘူးဗျ။ ခုမှ စမိတာ။ ကျောက်စိမ်းအတုံးရေကတော့ မသိရသေးဘူး။ စိစစ်တုန်းပါပဲဗျ။ လူကတော့ ကားတစ်စီးက နှစ်ယောက်မိတယ်။ နောက်တစ်စီးက တစ်ယောက်မိတယ်”ဟု ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက် ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ကျောက်စိမ်းနှင့် ကျောက်စိမ်းပုတီးစေ့များကို လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာန သို့ လွှဲအပ်လိုက်ကာ ရေပူပူးပေါင်းအဖွဲ့ဖြင့် စိစစ်နေပြီး အိမ်စီးကားပေါ်မှ ဖမ်းမိသည့် သုံးဦးကို သိန္တွီမြို့မရဲစခန်း တွင် အမှုဖွင့်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

အလားတူ ဇွန်လ ၇ ရက်၊ နံနက် ၄ နာရီခန့်က ရေပူစခန်းဂိတ်မှ လေးမိုင်ခန့်အကွာရှိ ပန်ဖက်ရွာအနီးတွင် ထွက်ပြေးသည့် လိုင်စင်မဲ့ အိမ်စီးကားနှစ်စီးပေါ်မှ တရားမဝင် သယ်ဆောင်လာသည့်   ကျောက်စိမ်းအတုံးပေါင်း ၃၂၉ တုံးအားဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ ဇန်နဝါလ ၁၆ ရက်မှ စတင်ကာ ပူးပေါင်း စစ်ဆေးရေးအဖွဲ့ ၁၂ ဖွဲ့ဖြင့် တရားမဝင်သယ်ဆောင်လာမှုများအား စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required