တာလီဘန်တို့၏ စီးနင်းတိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်ရဲ ၂၀ခန့် သေဆုံးပြီး ၁၀ဦး ဒဏ်ရာရ

တာလီဘန်တို့၏ စီးနင်းတိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်ရဲ ၂၀ခန့် သေဆုံးပြီး ၁၀ဦး ဒဏ်ရာရ

ကာဘူးလ် မေ ၂၁ ။           ။ အာဖဂန်နစ္စတန်တောင်ပိုင်းရှိ စစ်ဆေးရေးဂိတ်များကို တာလီဘန်များက စီးနင်းတိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံး ရဲ ၂၀ ခန့်သေဆုံးခဲ့ပြီး ၁၀ဦးဒဏ်ရာ ရရှိခဲ့ကြောင်း အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ပြောခဲ့ သည်။

ပြီးခဲ့သော စနေနေ့ညတွင် ဇာဘူးလ်ခရိုင်အတွင်းရှိ နေရာသုံးခုမှ ရဲစစ်ဆေးရေးဂိတ်များကို ရာနှင့်ချီသော တာလီဘန်တိုက်ခိုက်ရေးသမားများက အဆက်မပြတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါနေရာဒေသကို ထိန်းချုပ်ရန် မရမကကြိုးပမ်းခဲ့သော်လည်း အာဖဂန်တပ်ဖွဲ့များ၏ တုံ့ပြန်မှုကြောင့် မအောင်မြင်ဘဲဖြစ်ခဲ့ရသည်။

“တိုက်ခိုက်မှုများအတွင်း စုစုပေါင်း ရဲ၂၀ခန့်သေဆုံးခဲ့ပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဇာဘူးလ်ခရိုင် အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ ဂယ်လ်အစ္စလာမ်ဆာရယ်က ပြောခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ရကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဒါ့အပြင် တာလီဘန်သူပုန်များဘက်မှ အထိအခိုက် အကျအရှုံးများပြားခဲ့သော်လည်း အရေအတွက် အတိအကျ ကို မဖော်ပြနိုင်သေးကြောင်း ဆာရယ်က ပြောခဲ့သည်။

ဇာဘူးလ်ခရိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက သူပုန်များသည် ခရိုင်မြို့တော် ကွာလတ်မြို့သို့ လက်နက်ကြီးများ ဖြင့် ပစ်လွှတ်ခဲ့သော်လည်း အသေအပျောက်မရှိကြောင်း ပြောခဲ့သည်။

ယခုတိုက်ခိုက်မှုများသည် ဧပြီလအနှောင်းပိုင်း၌ စတင်ခဲ့သော တာလီဘန်တို့၏ နှစ်စဉ် ဆင်နွှဲနေကျဖြစ်သည့် နွေဦးရာသီထိုးစစ်ဆင်မှုများထဲမှ တစ်ခုဖြစ်ပြီး ပွင့်လင်းရာသီ ရောက်လာသည်နှင့်အမျှ တိုက်ခိုက်မှုများ ပြင်းထန်လာလျက်ရှိသည်။

ပါကစ္စတန်နယ်စပ်တွင်ရှိသော ဇာဘူးလ်ခရိုင်သည် ယူရူဂန်နှင့် ဂါဇီနီခရိုင်များကဲ့သို့ မလုံခြုံသော ခရိုင်တစ်ခုဖြစ် ပြီး ထိုနယ်များအတွင်း၌ တာလီဘန်များ အလုံးအရင်းနှင့်ရှိနေသလို သူပုန်အုပ်စုက ၎င်းတို့၏ ပိုင်နက်နယ်မြေ များကို ချဲ့ထွင်လျက်ရှိသည်။

အမေရိကန်တို့၏ အဆိုအရ နေတိုးအဖွဲ့မှ တိုက်ခိုက်ရေးမစ်ရှင်များကို ပြီးခဲ့သော ၂၀၁၅ခုနှစ် ဇန်နဝါရီလတွင် အဆုံးသတ်လိုက်ကတည်းက သူပုန်များသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ နယ်နမိတ်အသီးသီးကို တိုက်ခိုက် ထိုးနှက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required