အသစ်ဆောက်မည့် မင်္ဂလာစျေးတွင် ဆိုင်ခန်းများ မူလနေရာအတိုင်း ပြန်ချပေးမည်

အသစ်ဆောက်မည့် မင်္ဂလာစျေးတွင် ဆိုင်ခန်းများ မူလနေရာအတိုင်း ပြန်ချပေးမည်

ရန်ကုန်၊ မေ ၁၈ ။           ။ မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေးကို နိုဝင်ဘာလမှစတင်ကာ ၂ နှစ်အတွင်း အပြီးသတ် ပြန်လည် တည်ဆောက်သွားမည်ဟု သိရပြီး မူလနေရာများအတိုင်း အတိအကျပြန်လည်နေရာ ချထားပေးနိုင်ရန် ဆောက်လုပ်သွားမည် ဟု သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ ကော်မတီဝင် ၅ ဒေါ်သန်းမြင့်အောင်၊ ဈေးမိဈေးဖ ၁၁ ဦး၊ အထပ် ကိုယ်စားလှယ် ၂၇ ဦး၊ မင်္ဂလာတောင်ညွှန်ြ့မို့ နယ်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စား လှယ်၂ ဦးတ့ို နှင့် ဒီဇိုင်းတင်ဒါရွေးချယ်ခံထားရသည့်ကုမ္မဏီမှ ကိုယ်စားလှယ်များ ယနေ့မေလ ၁၈ ရက် မြို့တော်ခန်းမတွင်ပြုလုပ်သည့် မင်္ဂလာဈေးသစ် ပြန်တည်ဆောက်ရေး အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။

“မင်္ဂလာဈေးအတွက် (၄၀၇၉) ခန်း ပြန်ပြီးတော့ အပြည့်အဝနေရာချထားမယ် ။ သူ့နေရာနဲ့သူပေါ့ ။ မြေညီထပ်ဆိုမြေညီ ထပ် ပထမထပ်ဆို ပထမထပ်ပေါ့အတိအကျ ချထားနိုင်မယ်'' ဟု ဒီဇိုင်းတင်ဒါ ရွေးချယ်ခံထားရသည့် Amenity Design Group မှ ဒါရိုက်တာ ဒေါ်မိုးသဲဖြူက ပြောသည်။

အသစ်ဆောက်မည့် မင်္ဂလာဈေးသစ်အား  ၁၅ ထပ်အဆောက်အဦအဖြစ် ဆောက်လုပ်မည်ဖြစ်ပြီး မီးလောင်ခဲ့သည့် မင်္ဂလာဈေးနှင့်ကပ်ရက်ရှိသည့် စည်ပင်သာယာဘဏ်ကို ဖြိုချပြီး ယင်းနေရာကိုပါ ဈေးမြေဧရိယာထဲ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။

အသစ်ဆောက်လုပ်မည့် မင်္ဂလာဈေးတွင် မြေအောက်ကားပါကင် ၂ ထပ်နှင့် အထပ်လိုက် ကားပါကင် ၈ထပ်တို့ထည့်သွင်းထားပြီး ကားအစီးရေ ၆၇၆ စီး ပါကင်ထိုးနိုင်ဖို့ဒီဇိုင်းလုပ်ထားသည်ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက “ အားလုံးအချော သတ်ပြီးစီးမယ့်ကာလက  ၂ နှစ် သို့မဟုတ် ၂ နှစ်ခွဲ ကို အပြီးလုပ်ရမှာပါ ” ဟု ပြောဆိုသည်။

မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေးတွင် ဈေးဆိုင်ခန်းပေါင်း ၄၀၀၀ ကျော်ရှိနေကြောင်းလည်းသိရပြီး ၂ ကြိမ်တိုင်တိုင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အသစ်တည်ဆောက်မည့် အဆောက်အအုံကို ဓာတ်လှေကား ၉ စီးအပါအဝင် လေဝင်လေထွက် ကောင်းမွန်သည့်ပုံ ဖြစ်အောင် တည်ဆောက်မည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

'' ကောင်းပါတယ် ။ အဲကွန်းမပါဘဲ အေးတဲ့ပုံစံမျိုးဖြစ်အောင်လုပ်ပေးထားမယ် ကားပါကင်လည်း ကောင်းပါတယ်။ အထပ်တိုင်း ကားတက်လို့ရမယ် ။ ဈေးသူဈေးသားတွေအတွက် အဆင်ပြေပါတယ် '' ဟု တတိယထပ်မှာဈေးရောင်းချခဲ့တဲ့ဦးသိန်းက လက်ရှိစီစဉ်နေမှုအပေါ် ပြောသည်။

မီးဘေးသင့်မင်္ဂလာဈေး အဆောက်အအုံကို ဖြိုဖျက်ရန် ၂၀၁၆ ခုနှစ် စက်တင်ဘာလက တင်ဒါ ခေါ်ယူခဲ့ပြီး ၂၀၁၇ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဖြိုဖျက်ခြင်းလုပ်ငန်း ပြီးစီးခဲ့သည်။

မင်္ဂလာဈေး မီးလောင်ပျက်စီးခဲ့သည်မှာ တစ်နှစ်နှင့်လေးလကျော်ကြာခဲ့ပြီဖြစ်၍ မြို့တော်စည်ပင်အနေ နှင့် အမြန်ဆုံး ပြန်ဆောက်ရန် မင်္ဂလာဈေးသူဈေးသားများက ဆန္ဒထုတ်ဖော်ခြင်း၊သတင်းစာရှင်းလင်း ပွဲများပြုလုပ်၍ တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required