ပြည်တွင် အဖမ်းဆီးခံ ကျောင်းသားများလွတ်မြောက်ရေးတောင်းဆို

ပြည်တွင် အဖမ်းဆီးခံ ကျောင်းသားများလွတ်မြောက်ရေးတောင်းဆို

ပြည်၊ မေ ၁၄ ။             ။ အဖမ်းဆီးခံ ကျောင်းသားများလွတ်မြောက်ရေးအတွက် ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပြည်မြို့တွင် မေလ ၁၃ ရက်က ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ နှင့် အခြေခံပညာကျောင်းသားများသမဂ္ဂ စုစုပေါင်းအင်အား ၃၀ ခန့်က ဆန္ဒထုတ်ဖော်ခဲ့သည်။

“ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်နေတဲ့ အရပ်သားအစိုးရလက်ထက်မှာ ဒီလိုကျောင်းသား တွေကိုမတရားမှုပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချနေတာ လုံးဝမဖြစ်သင့်ပါဘူး။ ဒါ့ကြောင့်   ကျောင်းသားတွေနဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ ကျွန်တော်တို့ ဒီနေရာကနေ တောင်းဆိုလိုက်တယ်”ဟု ဗကသ ကျောင်းသား အောင်မင်းခိုင်က ပြောသည်။

စစ်ကိုင်းပညာရေးကောလိပ် မှ ကျောင်းသား၄ ဦးကို မန္တလေးမြို့ ချမ်းအေးသာစံတရားရုံးက ထောင်ဒဏ် လေးလ စီ အမိန့်ချမှတ်ခဲ့သည့်အတွက် ရန်ကုန်မြို့နှင့်ပြည်မြို့တို့တွင် ကျောင်းသား ဆန္ဒပြမှုများဖြစ်ခဲ့သည်။

မေလ ၁၃ ရက်၊ မနက် ၉ နာရီ အချိန်က ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင် စုဝေးဟောပြောမှုများ ပြုလုပ်ကာ ဗိုလ်ချုပ်လမ်း ၊ မြောက်စောင်းတန်းလမ်း ၊ စစ်ကဲလမ်း ၊ လမ်းရှည်လမ်း ၊ ရွှေဘုန်းပွင့်ဘုရားလမ်း ၊ လမ်းမတော်လမ်း စသည့်မြို့တွင်းလမ်းများအတိုင်း ချီတက်ပြီး မူလစတင်သည့် နေရာ ဗိုလ်ချုပ်ကျောက်ရုပ်သို့ ပြန်လည်ချီတက်ခဲ့သည်။ ထို့နောက် ကျောင်းသားများသည် ဗိုလ်ချုပ်ကျောက်ရုပ်အား ဝိုင်းပတ်၍အလေးပြုခဲ့ပြီး ဆန္ဒပြမှုကို ရပ်နားခဲ့သည်။

ဆန္ဒပြသူများသည် အကြမ်းဖက်မှု အလိုမရှိ ၊ မတရားဥပဒေပုဒ်မများ အလိုမရှိ ၊ ဖမ်းဆီးခံ ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ် ၊ ကျောင်းသားထု အခွင့်အရေးရရှိရေး ဒို့အရေးဟု ကြွေးကြော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required