ပျောက်ဆုံးရန်ပုံငွေ ရ ဘီလီယံအနက် ၄ ဘီလီယံအားအသုံးပြုထားမှုအပေါ် စသုံးလုံးသို့ တိုင်းအစိုးရမေးထား

ပျောက်ဆုံးရန်ပုံငွေ ရ ဘီလီယံအနက် ၄ ဘီလီယံအားအသုံးပြုထားမှုအပေါ် စသုံးလုံးသို့ တိုင်းအစိုးရမေးထား

မေ ၆ ရက် ။          ။ မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေမှ ပျောက်ဆုံး ၇ ဘီလီယံအနက် ၄ ဘီလီယံအား မကွေးတိုင်းဒေသကြီးရှိ မည်သည့်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သုံးစွဲထားသည်ကို သိလိုကြောင်း မကွေးတိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဌာနသို့ မေးမြန်းထားကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

"ပြည်သူလူထုက ကျန်တဲ့ သန်းလေးထောင်ကို ဘယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးသလဲဆိုတာ သိချင်နေကြတယ်၊ ဒါတွေကို သိရမှသာလျှင် ကျွန်တော်တို့က ပြည်သူလူထုကို ဘယ်နေရာတွေမှာ ကျပ်သန်းလေးထောင်ကို ဘယ်လိုသုံးခဲ့ပါတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းချပြနိင်မယ် ဖြစ်တာကြောင့် ကျွန်တော်တို့က တိုင်းဒေသကြီး စသုံးလုံးကို မေးထားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုအစိုးရက စုံစမ်းစစ်ဆေးခိုင်းလို့ အထူးစုံစမ်းစစ်ဆေးရေးက စုံစမ်းစစ်ဆေးတဲ့အခါမှာ အဲ့ဒီစုံစမ်ူစစ်ဆေးတဲ့ အစီရင်ခံစာကို ပြည်ထောင်စုအစိုးရကို တိုက်ရိုက် အစီရင်ခံတာဖြစ်တယ် ။

ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီအစီရင်ခံစာထဲမှာ ဘာတွေပါလဲဆိုတာကို မသိဘူး ။ဒါကြောင့်မလို့ သန်းလေးထောင်နဲ့ ပတ်သက်ဘာတွေသုံးသလဲဆိုတာကို စုံစမ်းစစ်ဆေးဖို့   မေးမြန်းဖို့ တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ပြီးတော့ကာ တိုင်းစသုံးလုံးကို မေးရပါတယ်" ဟု မဇ္ဈိမသို့ပြောသည်။

 ၂၀၁၅ အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ စာရင်းပျောက်နေသည့် ကျပ် (၇.၄၅၉) ဘီလီယံမှ မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းသို့ လှူဒါန်းထားသည့် ကျပ် ၃ ဘီလီယံအနက်မှ မေလ ၄ ရက်နေ့ကျပ် သိန်းသုံးထောင်၊မေလ ၅ရက်နေ့က ကျပ်သိန်းငါးထောင်အား ကိုယ်စားလှယ် ဦးကြည်ထွန်းက မကွေးတိုင်းအစိုးရအဖွဲ့သို့ ပြန်လည်ပေးအပ်ပြီး ကျန်ငွေများအား ဇူလိုင်လအတွင်း  တိုင်းဒေသကြီး အစိုးရထံ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံက သိရသည်။

 "သူတို့ပြန်အပ်ဖို့ ကတိပြုထားတဲ့ ကျပ်သန်း (၃၀၀၀)ကျော် (၃ ဘီလီယံ)ထဲက ကျပ်သိန်း(၈၀၀၀)ကို မေလ ပထမပတ်အတွင်းမှာ ပေးအပ်ပြီး ကျန်တာကိုတော့ ၂၀၁၇ ခုနှစ် ဇူလိုင်လမကုန်မီ အကုန်ပေးအပ်မယ်လို့ ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ (၇) ဘီလီယံထဲက ကျန်ငွေ(၄)ဘီလီယံကို ပြည်ထောင်စုအစိုးရက ဘာမှ ဖော်ပြ မထားတော့ကာ ကျန်တဲ့ ပိုက်ဆံတွေက သူတို့ ဘာသုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး စသုံးလုံးကို အခုလိုမေးရတာပါ" ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကပြောသည်။

 ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအနက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းက နိုင်ငံရေးပါတီကြီးတစ်ခုသို့ လှူဒါန်းခဲ့သည်ဆိုသော ငွေနှင့်မော်တော်ယာဉ်များအား စိစစ် တွေ့ရှိခဲ့ရသဖြင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ ပြန်လည်ပေးအပ်ရန် ပြည်ထောင်စုအစိုးရက ညွှန်ကြားသဖြင့် မော်တော်ယာဉ်နှင့် ပဲ့ထောင်များကို ဧပြီလ (၂၉)ရက်နေ့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဝန်ကြီးချုပ်ဟောင်းက ကိုယ်စားလှယ် ဦးကြည်ထွန်းမှတဆင့် ပြန်လည်ပေးပို့စေခဲ့ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ် (၁.၇)ဘီလီယံ၊ မော်တော်ယာဉ် (၄)စီး၊ ဘက်ဟိုး (၁) စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီး တို့အား နိုင်ငံရေးပါတီကြီးတစ်ခုသို့ လှူဒါန်းထားပြီး ရွှေသုခ အသေးစားလုပ်ငန်းသို့ ငွေကျပ်(၁.၅၇)ဘီလီယံကျော် လွဲှပြောင်းပေးခဲ့ကြောင်း ပြည်ထောင်စုအစိုးရ အထူးစုံစမ်းစစ်ဆေးရေးမှ   ဖော်ထုတ်တွေ့ရှိရသဖြင့် အဆိုပါငွေကြေးနှင့် မော်တော်ယာဉ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့က ဧပြီ လ (၈)ရက်နေ့တွင် ညွှန်ကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required