ဖရီးကစ်ကနေ ဂိုးသွင်းနိုင်ဖို့ ကိုယ်ပိုင်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တဲ့ မားကပ်ရက်ရှ်ဖို့ဒ်

ဖရီးကစ်ကနေ ဂိုးသွင်းနိုင်ဖို့ ကိုယ်ပိုင်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တဲ့ မားကပ်ရက်ရှ်ဖို့ဒ်

မေ ၅၊ အင်္ဂလန် ။                  ။ စပိန်မြေမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မန်ယူအသင်းဟာ အိမ်ရှင်ဆယ်လ်တာဗီဂိုအသင်းကို ရက်ရှ်ဖို့ဒ်ရဲ့တစ်လုံးတည်းသော ဖရီးကစ် သွင်းဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

မိုဗစ်လိုအဓိကကစားသမားအပါအဝင် ဒဏ်ရာရကစားသမားတွေများပြားနေချိန်မှာ မန်ယူအသင်းအတွက် ရက်ရှ်ဖို့ဒ်က ခြေစွမ်းပြကစားလျက်ရှိနေပါတယ်။

အန်ဒါလက်ချ်နဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အဆုံးအဖြတ်သွင်းဂိုးကိုသွင်းယူပြီး မန်ယူကို ကယ်တင်ပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဒီပွဲစဉ်မှာလည်း မန်ယူကို ထပ်မံကယ်တင်ခဲ့ပြန်ပါပြီ။ ဒီအဝေးဂိုးကြောင့် မန်ယူဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပါပြီ။

ရက်ရှ်ဖို့ဒ်ရဲ့ ဖရီးကစ်သွင်းဂိုးက ၆၇ မိနစ်မှာ ရရှိခဲ့တာဖြစ်ပြီး ၂၃ ကိုက်အကွာကနေကန်သွင်းခဲ့တာပါ။ ဖရီးကစ် ကန်သွင်းချိန်က ဝ.၈၅ စက္ကန့်ပဲကြာလိုက်ပြီး အရှိန်က ၅၆ MPH ရှိခဲ့ပါတယ်။

ဒီလိုဖရီးကစ်ကို သွင်းနိုင်ဖို့ ရက်ရှ်ဖို့ဒ်ဟာ လေ့ကျင့်ရေးကွင်းမှာ ကိုယ်ပိုင်လေ့ကျင့်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

‘လေ့ကျင့်ရေးအစီအစဉ်တွေပြီးသွားရင် တစ်ခါတစ်ရံမှာ ရက်ရှ်ဖို့ဒ်ဟာ ဖရီးကစ်ကန်တာကို လေ့ကျင့်လေ့ရှိပါတယ်။ ဒီဖရီးကစ်က တကယ်ကောင်းပါတယ်။ ဘောလုံးသွားတာက အရမ်းမြန်လို့ ဂိုးသမားတောင် နည်းနည်းပဲ လှုပ်ချိန်ရလိုက်ပါတယ်။ ဒါပေမဲ့ သူမကာကွယ်နိုင်ခဲ့ပါဘူး’ လို့ မန်ယူနည်းပြ မော်ရင်ဟိုက ဆိုပါတယ်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ မန်ယူနည်းပြမော်ရင်ဟိုရဲ့ဦးစားပေးတိုက်စစ်မှူး မဟုတ်ပဲ အရန်တိုက်စစ်မှူးအဖြစ်သာ ကစားနေခဲ့ရပေမယ့် ၁၁ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။ မန်ယူအသင်းမှာ မိုဗစ်ပြီးရင် ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပါတယ်။

မန်ယူရဲ့လက်ကျန်ပွဲစဉ်တွေအားလုံးကို အဓိကတိုက်စစ်မှူး မိုဗစ်မကစားနိုင်တော့တာကြောင့် ရက်ရှ်ဖို့ဒ်ဟာ နည်းပြမော်ရင်ဟိုနဲ့ မန်ယူအသင်းအတွက် အဓိကအားထားရာတိုက်စစ်မှူးအဖြစ် ဆက်လက်ခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required