ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယ ဦးစီးချုပ်များနှင့် တွေ့ဆုံခဲ့

ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယ ဦးစီးချုပ်များနှင့် တွေ့ဆုံခဲ့

အိန္ဒိယသို့ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင် ၂၉ ၌ အိန္ဒိယစစ်ဦးစီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးရာ၌ အကြမ်းဖက်သူပုန်များအား ပူးပေါင်းနှိမ်နင်းရေးအတွက်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးအား အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးတွဲစစ်ဦးစီးချုပ်နှင့် လေတပ်ဦးစီးချုပ်ဖြစ်သူ Air Chief Marshal Arup Raha, PVSM, AVSM, VM က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီးနောက် အိန္ဒိယလေတပ်ဦးစီးချုပ်ရုံး၌ နှစ်ဖက် ဆွေးနွေးကြခြင်းဖြစ်သည်။

ထောက်လှမ်းရေးသတင်းဖလှယ်ရေး၊ စစ်ဘက်ဆိုင်ရာသင်တန်းသားများ တိုးမြှင့်စေလွှတ်သွားရေး၊ ရေတပ်သင်္ဘော အလည်အပတ်ခရီးတိုးမြှင့်ရေး၊ ရေကြောင်းကင်းထောက်နှင့် လေကြောင်းကင်းထောက် ကိစ္စများ၊ စစ်ဘက်ယာဉ်များ ပြင်ဆင်ရေးနှင့် မွမ်းမံအဆင့်မြင့်ရေးကိစ္စများအပြင် သတင်းအချက်အလက်နည်းပညာသင်တန်းသားများ စေလွှတ်ရေးကိစ္စတို့ ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း အခြေပြုပြီး အိန္ဒိယအပါအဝင် မည်သည့်အိမ်နီးချင်းနိုင်ငံ၏ အချုပ်အခြာအာဏာကိုမျှ ထိခိုက်အောင် လုပ်ဆောင်သည့် အဖွဲ့အစည်းများ လက်ခံမည် မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက အာမခံပြောဆိုခဲ့သည်။

မွန်းလွဲပိုင်းတွင် အိန္ဒိိယကြည်းတပ်ဦးစီးချုပ်ရုံး၌ ကြည်းတပ်ဦးစီးချုပ် General Dalbir Singh နှင့် တွေ့ဆုံဆွေးနွေးရာတွင် အိန္ဒိယ-မြန်မာ နယ်စပ်တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်ဆောင်ရွက်နေကြောင်း၊ အိန္ဒိယ မြန်မာစစ်ဘက်အရာရှိ တစ်ရာကျော်သင်တန်းတက်နေပြီး ပိုမိုတိုးမြှင့်စေလွှတ်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးကပြောသည်။

အိန္ဒိယကြည်းတပ်ဦးစီးချုပ်ကလည်း ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်သည် တပ်မတော် ၂ ရပ်၏ ချစ်ကြည်ရင်းနှီးမှုကို ပြသရာရောက်ပြီး သင်တန်းသားများကိုလည်း ယခုထက်ပိုမိုတိုးမြှင့်စေလွှတ်ပေးစေလိုသည်ဟု ဆိုသည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral RK Dhowan နှင့် အိန္ဒိယရေတပ်ဦးစီးချုပ်ရုံး၌ သွားရောက်တွေ့ဆုံသေးသည်။ တပ်မတော်-ရေ နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ပင်လယ်ရေကြောင်း လုံခြုံရေးနှင့် လေကြောင်းကင်းထောက်လုပ်ငန်းအပါအဝင် သတင်းထောက်လှမ်းမှုကဏ္ဍများနှင့် သင်တန်းကိစ္စများ မြှင့်တင်နိုင်ရေးကို ဆွေးနွေးကြသည်။

မြန်မာတပ်မတော်-ရေ နှင့် အိန္ဒိယ တပ်မတော်-ရေ အကြား ပင်လယ်ရေကြောင်း လုံခြုံရေးနှင့် ထောက်လှမ်းရေးသတင်း ဖလှယ်မှုများကို ပူးတွဲ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ရေတပ်သင်္ဘောလည်ပတ်မှုများလည်း ဆောင်ရွက်နိုင်ခဲ့ပြီး သင်တန်းသားများတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည်ဟုဆိုသည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနသို့ ဆက်လက်ရောက်ရှိသွားပြီး National Institute of Public Finance and Policy ညွှန်ကြားရေးမှူး Dr. Rathin Roy ၏ Federal System of Governance ဆိုင်ရာများရှင်းလင်းတင်ပြသည်ကို လေ့လာပြီး မေးမြန်းဆွေးနွေးခဲ့သည်။

ယင်းနောက် အိန္ဒိယ ဒုတိယ ကာကွယ်ရေး ဝန်ကြီး Mr. Rao Inderjit Singh နှင့် ဆက်လက်တွေ့ဆုံပြီး ကာကွယ်ရေးကဏ္ဍ၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့် စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးကြကြောင်း သိရသည်။ အိန္ဒိယ၏ Act East Policy ကို အကောင်အထည်ဖော်နေမှုအား ဆွေးနွေးခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ညနေပိုင်းတွင် ဇူလိုင် ၂၇ ရက်က ကွယ်လွန်သွားသည့် အိန္ဒိယနိုင်ငံ၏ ၁၁ ဦးမြောက် သမ္မတ Mr. APJ Abdul Kalam နေထိုင်ခဲ့သည့် နေအိမ်တွင် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခဲ့သည်။

ဇူလိုင် ၂၉ မနက်ပိုင်း၌ အိန္ဒိယဝန်ကြီးချုပ်ကိုလည်း သွားရောက်တွေ့ဆုံခဲ့သေးသည်။ ဇူလိုင် ၂၈ ရက်ကလည်း စစ်ဘက်ဆိုင်ရာ လေယာဉ်များ၊ ရေငုတ်သင်္ဘောများကို သွားရောက်လေ့လာခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required