သံမဏိနှင်းဆီဂျာနယ်တိုက် လူသတ်မှု ပါဝင်သူတစ်ဦး ထပ်မံ ဖမ်းဆီးရမိ

သံမဏိနှင်းဆီဂျာနယ်တိုက် လူသတ်မှု ပါဝင်သူတစ်ဦး ထပ်မံ ဖမ်းဆီးရမိ
ဓာတ်ပုံ-Yangon Police

ရန်ကုန်၊ ဧပြီ ၂၂ ။               ။ ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီဂျာနယ်တိုက်တွင်ဖြစ်ပွားသောလူသတ်မှုတွင် ပါဝင်သူတစ်ဦးကို ထပ်မံဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ယနေ့ထုတ်ပြန်သည်။

ဧပြီလ ၁၄ ရက်က ဖြစ်ပွားခဲ့ပြီး အများပြည်သူစိတ်ဝင်စားသည့်မှုခင်းတစ်ခုဖြစ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် အမှုစုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း အောင်ကိုကိုအား ကနဦးဖမ်းဆီးခဲ့သည်။

အောင်ကိုကို၏ ထပ်မံထွက်ဆိုချက်တွင် သံမဏိနှင်းဆီဂျာနယ်တိုက်တွင် ပြစ်မှုကျူးလွန်စဉ်က ၎င်း၏သူငယ်ချင်းဖြစ်သူ ပြည့်သူနိုင်(ခ)ဘုရားပွဲ(ခ) ဖြိုးသော်လည်း အတူပါ၀င်ခဲ့ကြောင်း ထပ်မံ ထွက်ဆိုခဲ့သဖြင့် ပြည့်သူနိုင်(ခ)ဘုရားပွဲ(ခ)ဖြိုးသော်အား ဧပြီလ၂၂ရက်နေ့တွင် ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျက်ကြောင်း သိရသည်။

သံမဏိနှင်းဆီဂျာနယ်ထုတ်ဝေသူမှာ ဓားဒဏ်ရာ ၁၅ ချက်ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ပြီး ယခု ကျူးလွန်သူနှင့်အတူ နောက်ထပ် တစ်ဦး ဖမ်းဆီးရမိခြင်း ဖြစ်သည်။

အဆိုပါအမှုနှင့်သက်ဆိုင်သည့် သေဆုံးသူအသုံးပြုသောTOSHIBA အမျိုးအစား Laptopကွန်ပျူတာနှင့် iPhone SE လက်ကိုင်ဖုန်းကို   ပြစ်မှုကျူးလွန်သူ  အောင်ကိုကိုမှ ပြင်ဦးလွင်မြို့(၆)ရပ်ကွက်၊   မြို့ပတ်လမ်းရှိ ကန်တော်လေးကန်တွင် စွန့်ပစ်ခဲ့ကြောင်း ထပ်မံထွက်ဆိုခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များက   ပြစ်မှုကျူးလွန်သူ အောင်ကိုကိုအား ခေါ်ဆောင်၍   ပြင်ဦးလွင် မြို့သို့ သွားရောက်ခဲ့ပြီး ရေငုပ်သမားများ၏အကူအညီဖြင့် ရှာဖွေခဲ့သည်ဟု သိရသည်။

ဧပြီလ ၂၁ ရက်တွင် TOSHIBAအမျိုးအစား Laptop ကွန်ပျူတာ ကို ညနေ ၆နာရီခွဲအချိန်ခန့်တွင်လည်းကောင်း၊ iPhone SE လက်ကိုင်ဖုန်းကို ယနေ့ ဧပြီလ ၂၂ ရက် နေ့လည် ၁နာရီခွဲအချိန်ခန့် တွင် လည်းကောင်း ကန်တော်လေး ကန်အတွင်းမှ ဆယ်ယူတွေ့ရှိ သိမ်းဆည်းရရှိခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ အခင်းဖြစ်ရပ်တွင်တွေ့ရှိသည့် ဆံပင်ကိုလည်း မသင်္ကာသူနှစ်ဦး၏ဆံပင်များနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရန် ဓာတုဗေဒစစ်ဆေးရေးဌာနသို့  ပေးပို့ထင်မြင်ချက် တောင်းခံထားရှိပြီး   ဖြစ်ပါသည်ဟု သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required