ရန်ကုန်၊ မတ် ၃၁ ။ ။ ငြိမ်းချမ်းရေးအတွက် ပြည်သူလူထုဆီက ရန်ပုံငွေ လှူဒါန်းငွေ လက်ခံရရှိထားသည်မှာ ကျပ်ငွေ ၁၄ ဘီလီယံအထိ လက်ခံရရှိထားပြီဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ယမန်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ် ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်မတို့ရဲ့ ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး စင်တာအတွက် ပြည်သူတွေကို အလှူခံလိုက်တဲ့အခါ ကာလတိုတို လေး အတွင်းမှာ အခုဆိုလို့ရှိရင် ကျွန်တို့ဟာ ၁၄ ဘီလီယံ ကျပ်တောင်မှ ရရှိနေပါပြီ။ ဒီရန်ပုံငွေကိုဝိုင်းပြီး ထည့်ကြတဲ့ အထဲမှာ လုပ်ငန်းရှင်ကြီးတွေတင် မဟုတ်ပါဘူး။ ပြည်သူတွေလည်း ပါပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က သူ့၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပြည်သူများအနေဖြင့် အစိုးရကို သေချာစွာ လေ့လာပြီး ဝေဖန်သင့်သည်များကို ဝေဖန်နိုင်ကြောင်း ကူညီဆောင်ရွက်ပေးသင့်သည်များကို ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။
"ပြည်သူတိုင်း ပြည်သူတိုင်းဟာ တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက် ကျွန်မတို့အစိုးရ အတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းအပိုင်းတွေ အောင်မြင်အောင်လို့ ၀န်းရံပေးမယ်ဆိုလို့ရှိရင် ကျွန်မတို့ နိုင်ငံဟာ တိုးတက်ဖို့လုံးဝသေချာတယ်လို့ ပြောနိုင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ယမန်နေ့က ပြောဆိုခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံ၏ မိန့်ခွန်း၌ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ငါးဖွဲ့ သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် လက်မှတ် ရေးထိုးသွားမည်ဟုလည်း ပြောဆိုထားခဲ့သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ငြိမ်းချမ်းရေးရန်ပုံငွေအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း NRPC က ဇန်နဝါရီလ ၁၀ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ၂ လကျော်ကာလအတွင်း ပြည်သူထည့်ဝင်ငွေ ၁၄ ဘီလီယံကျော် ရရှိခဲ့ခြင်းဖြစ်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များလုပ်ဆောင်ရာတွင် အဆင်ပြေချောမွေ့စေရေး၊ လိုအပ်သောရန်ပုံငွေရရှိရေး၊ ရန်ပုံငွေများ အကျိုးရှိ ထိရောက်စွာသုံးစွဲနိုင်ရေးတို့အတွက် အရေးကြီးသောကြောင့် ရန်ပုံငွေ ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ( JCB) ကို ဒီဇင်ဘာလ ၂၀ တွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။